Thursday, June 11, 2009

အတူဝိုင်းဆုတောင်းရအောင်


အ၀ါရောင်ဖဲကြိုးလေးကို ကိုင်ပြီး ကပ်ကြေးနဲ့တိခနဲ့ညှပ်ချလိုက်အပြီးမှာတော့ အတွေးတစက ပြီးခဲ့တဲ့ အတိတ်တွေဆီကို တရွေ့ရွေ့….

ဆယ်စုနှစ်တခုကျော်လောက် အထိန်းသိမ်းခံခဲ့ရပေမဲ့ ချစ်ခင်လေးစားရတဲ့ ပြည်သူတွေကတော့
မွေးနေ့ရှင်မရှိပေမဲ့လဲ…. ပုံမှန်မွေးနေ့ပွဲလုပ်ပေးခဲ့ကြတယ်။ အ၀ါရောင်သင်္ကေတလေးတွေ ဖန်ဆင်းခဲ့တယ်… သူမကိုထောက်ခံတဲ့အနေနဲ့ပေါ့။……




လုပ်ခဲ့တဲ့မွေးနေ့တော်တော်များများမှာလဲ… မပျင်းမရိ..မငြီးမငွေ့ လွတ်မြောက်ပါစေ ဆုတောင်းပေးနေခဲ့ကြတာလဲ အကြိမ်ပေါင်းမနည်းတော့…..


မွေးနေ့တခုတည်းမှာတင်မက… အခါအခွင့်သင့်ရင် သင့်သလို ပြောပြီးသားကို အကြိမ်ကြိမ်အခါခါ ပြန်ပြောမိနေတာကလဲ လွှတ်ပေးပါ… လွတ်မြောက်ပါစေ ဆိုတဲ့ စကားလုံးတွေပါဘဲ…..

ဒီအချိန်ဆိုရင်…အထူးသဖြင့် ဒီလိုအချိန်..ဒီလိုရက်တွေဆိုရင်… ပတ်ဝန်းကျင်မှာ အင်္ကျီအ၀ါ၊ မိုးပျံဘောလုံးအ၀ါ၊ ခေါင်းစည်းအ၀ါ၊ ရင်ထိုးအ၀ါ စတဲ့ အ၀ါရောင်သင်္ကေတလေးတွေကို တွေ့ရစမြဲ…. ဘြာ
ဖစ်လို့လဲဆိုတော့

မြန်မာနိုင်ငံသားအများစုက လေးစားရပြီး (စစ်အုပ်စုတွေမပါလို့ အားလုံးလို့မထည့်တာပါ၊)
လူထုခေါင်းဆောင်လို့ အသိအမှတ်ပြုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် (အန်တီစု) ရဲ့ (၆၄) နှစ်မြောက်မွေးနေ့ရောက်တော့မှာမို့လို့ပေါ့….

အခုဆိုရင် နောက်ထပ်မွေးနေ့တခုကို မွေးနေ့ရှင်မရှိဘဲ လုပ်ရဦးမှာလား….. ပြောပြီးရင်း ပြောနေ.. တောင်းဆိုပြီးရင်းတောင်းဆိုနေရတဲ့ လွှတ်ပေးပါ ဆိုတဲ့စကားတွေကိုဘဲ ထပ်ပြောနေရဦးမှာလား….

အမြဲတမ်းမပျက်မကွက် ဆုတောင်းနေရတဲ့ တခုတည်းသော တောင်းဆုဖြစ်တဲ့ အမြန်ဆုံးလွတ်မြောက်ပါစေကိုဘဲ ပြန်ဆုတောင်းနေရဦးမှာလား…..


မေးခွန်းပေါင်းများစွာနဲ့ ဖဲကြိုးဝါလေးကို ခွေထည့်လိုက်တယ်……

လူထုတွေရဲ့တောင်းဆိုသံတွေ ဒီလောက်ညံတဲ့ကြားထဲကနေ…. စစ်အစိုးရက အားလုံးကို မျက်ကွယ်ပြုပြီး ကျမတို့လေးစားရတဲ့ အန်တီစုကို အကောက်ကြံ၊ ဥာဏ်ထပ်ဆင်ပြီး လုပ်ချလိုက်တဲ့ပုံက…. လွတ်ရက်စေ့တာတောင်မှ စည်းကမ်းချိုးဖောက်တယ်ဆိုပြီး….
ဆက် ထိန်းသိမ်းထားဖို့အတွက် ဥပဒေအသစ်တွေထုတ် အပြစ်ဒဏ်ဆက်ပေးနိုင်အောင် တရားစွဲနေတယ်…..

တချိန်တည်းမှာဘဲ…. မဟုတ်တရုတ်လုပ်ပြီး အန်တီစုနဲ့ Mr. Yettaw ဓါတ်ပုံကိုကပ်.. လမ်းလယ်ခေါင်မှာ ချပြီး အန်တီစု သိက္ခာကျအောင်ွလုပ်နေတယ်….

ဒါဟာ အန်တီစုတယောက်တည်းကို မကောင်းကြံတာမဟုတ်ဘဲ…. တနိုင်ငံလုံးမှာရှိတဲ့လူထုတွေကိုပါ စော်ကားလိုက်တာဖြစ်တယ်…..


တကယ်ဆို ”အစိုးရ” ဆိုတဲ့စကားလုံးက ပြည်သူတွေ အသိအမှတ်ပြုမှဖြစ်တာ… ပြည်သူတွေက.. ကိုယ်တွေကို ကိုယ်စားပြုနိုင်မယ့်လူတွေကိုရွေးပြီး ကိုယ်စားပြုခိုင်းမှ တရားဝင်အစိုးရလို့ခေါ်တာ…
အခုတော့ ကျမတို့ ပြည်သူတွေကလဲ မရွေးချယ်ထားဘဲ… ကိုယ့်ဘာသာကိုယ် ကုတ်ကပ်တက်လာတဲ့ ဒီလိုယုတ်မာပက်စက်တဲ့ စစ်အာဏာရှင်ကို ကျမတို့အားလုံးက အစိုးရလို့ သူတို့ကိုယ်သူတို့ခေါ်တာကို.. ခေါ်ခွင့်ပြုမှာလား….


စဉ်းစားရင် သည်းခံစိတ်တွေ ကုန်ခမ်းချင်လာတယ်… စွန့်ခွာခဲ့တဲ့ ကိုယ့်ရဲ့ နိုင်ငံ.. မွေးရပ်မြေကို ပြန်ပြီး အေးအေးချမ်းချမ်းနေချင်တဲ့စိတ်တွေ ပြင်းပြလာလေလေ… စစ်အာဏာရူးတွေကို အမျက်ထွက်လာလေလေ…. အန်တီစုက ကျမတို့နိုင်ငံကို အေးချမ်းဖွံ့ဖြိုးတဲ့ နိုင်ငံဖြစ်လာအောင် ဦးဆောင်ပေးနိုင်စွမ်းရှိသူလို့ ပိုယုံကြည်လာလေလေ…

ယုံကြည်ချက်တွေကို လက်တွေ့ခံစားလိုတဲ့စိတ်နဲ့ ပြင်းပြတဲ့စိတ်.. ယုံကြည်တဲ့စိတ်၊
အာဏာရူးတွေအပေါ်ထွက်တဲ့အမျက်တွေပေါင်းပြီး ခွေထားတဲ့ ဖဲကြိုးဝါလေးကို…ခပ်ကြမ်းကြမ်းလေး ချိတ်နဲ့ ချိတ်တွယ်လိုက်တယ်…..



ခံစားချက်ပေါင်းစုံနဲ့အ၀ါရောင်ဖဲကြိုးရင်ထိုးလေးတွေဖြစ်လာတယ်…

ဒါတွေက… အန်တီစုမလွတ်မချင်း… အသုံးပြုရမဲ့သင်္ကေတ… လူထုတရပ်လုံးရဲ့ သဘောထားကို အာဏာရှင်တွေ ငြင်းပယ်လို့မရတော့တဲ့တနေ့အထိ… ကျမတို့ လှုပ်ရှားရမဲ့ အ၀ါရောင် ကမ်ပိန်း တခုဆိုတာကို သိလိုက်တယ်….

ဒီအ၀ါရောင်ရင်ထိုးလေးကို အေးချမ်းပြီးတဲ့ နိုင်ငံမှာနေပြီး ပြုံးရွှင်နေတဲ့ အန်တီစုရဲ့ အင်္ကျီပေါ်မှာ ကျမတို့နိုင်ငံအေးချမ်းတဲ့တနေ့ ဒီလိုအချိန်မျိုးမှာ တပ်ပေးချင်လိုက်တာ…..

ဒါတွေတကယ်ဖြစ်လာဖို့အတွက် လက်တွေ့အခြေအနေအရ ရလာတဲ့ အ၀ါရောင်ဖဲကြိုးရင်ထိုးလေးတွေကိုယူပြီး… မွေးရပ်မြေပြန်ချင်တဲ့ မျှော်လင့်ချက်လေးတွေနဲ့ ရုန်းကန်နေတဲ့ မြန်မာနိုင်ငံသားတွေကို ကျမတို့အတူတူဆုတောင်းကြရအောင်လို့ အ၀ါရောင် ကမ်ပိန်းလုပ်ရခြင်းအကြောင်းအရင်းလေးတွေရှင်းပြပြီး အ၀ါရောင်ဖဲကြိုးရင်ထိုးလေးတွေကို လိုက်ပြီး ဝေငှနေမိတယ်… ကျမကိုယ်တိုင်လည်း အ၀ါရောင်ရင်ထိုးလေးတပ်လို့ပေါ့….

စိတ်ဝင်စားရင်...

Wednesday, April 8, 2009

သဲထိတ်ရင်ဖို


ဟော့တော့..
ခရေပန်းကလေးတွေကလှလိုက်တာ… ငါတို့ကောက်သွားရအောင်…

…ဂလက်..ဂလက်.. ချွတ်..
ငလျင်အကြီးအကျယ်လှုပ်တယ်ဟေ့… တောင်အရှင်တွေအောက်မှာမပိနေအောင် လွတ်အောင်ရှောင်ကြဟေ့… (မှတ်ချက်.. ကြည့်ရတာ တောင်နဲ့တော့ သိပ်မတူပါဘူး။ ဒါပေမဲ့ အသက်ရှင်ပြီး ကြီးလွန်းအားကြီးလို့ တောင်အရှင်လို့ဘဲ မှတ်လိုက်)



အော်သံကြားတဲ့ဘက်ကိုလှည့်ကြည့်လိုက်တော့ အစုလိုက်အပြုံလိုက်ကြီး ကိုယ့်ဘက်ကို ပြေးလာနေတာကို တွေ့လိုက်ရတယ်… အဲဒီတော့ ကိုယ်လဲ သူတို့လို လိုက်ပြေးရတာပေါ့… မဟုတ်ရင် သူတို့အောက်မှာပြားပြီးကျန်ခဲ့မှာ…

အုပ်စုလိုက်ပြေးနေပေမဲ့… တခါတလေကျရင် တောင်နဲ့တူတဲ့ အသက်ဝင်နေတဲ့ အရာတွေက ကိုယ့်အရှေ့ကိုကြိုရောက်နေပြီးသားဖြစ်နေလို့… ဒီလိုအချိန်တွေဆိုရင် အသက်ကို ဖက်နဲ့ထုတ်ထားရသလိုပါဘဲ….

ကိုယ်တို့ အခုနေတဲ့ ပတ်ဝန်းကျင်မှာလေ.. ကိုယ်တို့နေလို့ရတဲ့ ဂူလှလှလေးတွေအများကြီးရှိတယ်… အဲဒီဂူတွေထဲမှာ တခါတလေ ကိုယ်တို့ကြိုက်ပြီး သောက်လို့ရတဲ့ အချိုရည်တမျိုးရှိလို့ ကိုယ်တို့က တခြားနေရာကို ဘယ်လိုမှ ပြောင်းမသွားချင်ဘူးလေ…

သစ်ပင်အမြင့်ကြီးတွေရှိတဲ့ တောနက်ထဲလဲရောက်ရော… ကိုယ်စောစောကပြောတဲ့ ဂူဖြူဖြူသန့်သန့်လေးတခုကိုတွေ့တယ်လေ… တောကလည်းနက်နေပြီဆိုတော့ ကိုယ့်ကို ဘယ်သူမှမမြင်နိုင်တော့ဘူးဆိုတာ သေချာသွားပြီလေ…

ကိုယ်နဲ့မလှမ်းမကမ်းမှာ ကိုယ့်သူငယ်ချင်းတွေကလည်း သူတို့ကြိုက်တဲ့ ဂူလေးထဲမှာ ၀င်လိုက်ထွက်လိုက် လုပ်သူလုပ်… ပိုလုံခြုံမယ်ထင်တဲ့နေရာ ရှာသူရှာနဲ့….

ကိုယ်ကတော့ ကိုယ်တွေ့တဲ့ ဂူလေးကို သဘောကျလို့… ဒီမှာဘဲ ခနေဦးမယ်လို့ စိတ်ကူးရှိတယ်…

ကိုယ်ဂူထဲကိုဝင်သွားတယ်….
ဂူထဲက အရည်ချိုလေးတွေကိုလိုက်သောက်တယ်..

အဲဒီအချိန်မှာ… ကိုယ့်တကိုယ်လုံးလေထဲမြောက်သွားတယ်….
အကြောင်းအရင်းသိရအောင် ဂူအပြင်ဘက်ကိုထွက်ပြီး ကိုယ်ရှာမိတယ်….

ဟေ့.. ဒီမှာ ပန်းတွေကလှပေမဲ့.. ပုရွက်ဆိတ်တွေအများကြီးဘဲ…
အေး… ဟုတ်တယ်.. ဒီမှာလဲကြည့် ခရေပန်းအပေါက်တွေကြားထဲမှာလဲ.. သူတို့ရှိနေတယ်.. ငါကတော့ သတ်ရင်ငရဲကြီးမှာစိုးလို့ လေနဲ့ မှုတ်ထုတ်လိုက်တယ်…


ဆိုးဝါးပြန်းထန်လွန်းလှတဲ့ မိုးချိန်းသံလို အသံမျိုးတွေကြားပြီးတဲ့နောက်… ကိုယ်လေထဲမှာ လွင့်မြောသွားပြန်တယ်….

ဒါပေမဲ့ ကိုယ်မြေပေါ်ပြန်ကျတော့ ပုံမှန်စံမပျက်ပြန်ကျလာတယ်.. ကိုယ်ကျွမ်းကျင်တဲ့ တောနက်ထဲမှာဘဲပေါ့….

အဲဒီတော့လဲ… တောင်အရှင်တွေမလာခင် လုံခြုံတဲ့နေရာတခု ထပ်ရအောင်.. အပြေးအလွှားထပ်ရှာဖို့အတွက် ကိုယ်မနားတမ်းဆက်ပြေးနေမိတယ်…

စိတ်ဝင်စားရင်...

Friday, April 3, 2009

ယဉ်ကျေးမှုအတွက်လား နှုတ်ဆက်တာလား


ကျမဖြင့် စိတ်တိုလိုက်တာ... စဉ်းစားကြည့်ပါဦး.. ကိုယ်ယူထားတဲ့ တာဝန်ကိုမှအားမနာ.. အရှက်မရှိလိုက်တာ.. လက်ဆွဲနှုတ်ဆက်သလိုနဲ့ ကျမလက်ဖ၀ါးကို လက်ညှိုးနဲ့ လာကုတ်တယ်...





ဟင်.. အဲလိုလက်ချောင်းနဲ့ လက်ဆွဲနှုတ်ဆက်တုန်း ကုတ်တာ ဘာအဓိပ္ပါယ်လဲ..
ဟယ်.. ရှင်က အဲဒါကို မသိဘူးလား..
ဟင့်အင်း
မသိရင်ပြောပြမယ်လက်ဆွဲနှုတ်ဆက်တုန်း လက်ညှိုးနဲ့ ကုတ်တဲ့ အဓိပ္ပါယ်က သူနဲ့အိပ်မလားလို့ မေးတာဟေ့.. သိပြီလား...
အယ်.. ဟုတ်လား.. ကျမကိုလည်း လူရိုသေရှင်ရိုသေထဲက လူကြီးတယောက် အဲလိုလုပ်ဖူးတယ်... ကျမက ဘာမှန်းမသိဘူး.. စတယ်ထင်ပြီး ပြန်မကုတ်လိုက်မိတာဘဲ တော်တော်ကံကောင်းတာဘဲ....

လူကြီးတွေ ပြောနေတဲ့ စကားဝိုင်းမှာ ၀င်မပါပေမဲ့ ငယ်သေးတဲ့ ငယ်က အသေအချာကို ကြားနေရပါတယ်။ အလိုလိုနေရင်း အမျိုးသမီးဖြစ်တဲ့အတွက် ဒါတွေကို သတိထားရမယ်ဆိုတာကို စိတ်ထဲမှာ သွင်းမိလျှက်သားဖြစ်သွားတယ်။

ငယ်က လက်ရှိလုပ်နေတဲ့ အလုပ်နေရာ ကိုယ်နဲ့ မရင်းနှီးတဲ့ တစိမ်းနယ်မြေဖြစ်ပါတယ်။ ဘာသာစကားမတူတော့ နေရထိုင်ရတာလဲ အရမ်းကို အထီးကျန်ဆန်ပါတယ်။

ငယ်... မင်းနဲ့ လူမျိုးတူတဲ့ လူတယောက် ငါတို့ဆီကို အလုပ်နဲ့ရောက်နေတယ်.. မင်းနဲ့ မိတ်ဆက်ပေးမယ်နော်.. ခဏနေရင်..
....ဟုတ်ကဲ့ရှင့်....
အမလေး.. ၀မ်းသာလိုက်တာ... စကားပြောဖော်ရတော့မယ်။
ဟေ့.. ကိုကောင်း.. သူ့နာမည်က ငယ်တဲ့..
ငယ်.. သူက ကိုကောင်းတဲ့..

ဟုတ်ကဲ့..တွေ့ရတာဝမ်းသာပါတယ်ဗျာ... ညဉ်းကိုကြည့်ရတာတော့ ကိုယ့်ထက်စာရင် ငယ်သေးမယ်နဲ့တူတယ်နော်... ဘာမှအားမနာနဲ့ အကူအညီလိုရင် ကိုယ့်ဆီမှာတောင်း.. ဟုတ်ပြီလား.. ကိုယ်ကဒီမှာနေတာလေ...

ဟုတ်ကဲ့ရှင်.. ကျမကလည်းတွေ့ရတာဝမ်းသာပါတယ်... ကိုယ့်တမြေထဲက သူတွေနဲ့တွေ့ရတော့ ပိုပြီးတော့ ၀မ်းသာတာပေါ့..
အေး.. ဒါဆိုရင် ညဉ်းကို ကိုယ်ဒီမှာရှိနေတဲ့ ကိုယ်တို့ဆီကလူတွေနဲ့ မိတ်ဆက်ပေးမယ်လေ.. ညနေကျရင်သွားလည်ကြတာပေါ့.. သူတို့အိမ်ကို... ကိုယ်ဖုန်းကြိုဆက်ထားလိုက်မယ်...

ဟင်.. တကယ်လား... အဲဒီမှာ အမျိုးသမီးတွေရောရှိလား..

တကယ်ပေါ့... ရှိတာပေါ့.. မစိုးရိမ်ပါနဲ့.. ကိုယ်ဖုန်းဆက်ထားလိုက်မယ်..

အဲဒီညနေမှာ ငယ်တို့ သူမိတ်ဆက်ပေးမယ်ဆိုတဲ့သူငယ်ချင်းအိမ်ကိုသွားကြတယ်..
ဟာ.. ကိုကောင်းပါလား... သူက ညီမလေးလား...
ဟုတ်တယ်ဗျ... ညီမလေးက ရောက်လာတာမကြာသေးဘူးလေ.. ကျနော်လည်း သူ့ကိုတွေ့ရလို့ဝမ်းသာနေတာ..

သူကပြောပြောဆိုဆို လက်ဆွဲနှုတ်ဆက်ဖို့ ငယ့်ကို လက်ကမ်းပေးပါတယ်။
ငယ်ကလည်း ရယ်ရယ်မောမောဘဲ သူ့ကို ပြန်ပြီးလက်ဆွဲနှုတ်ဆက်လိုက်တဲ့ တဒင်္ဂမှာ သူ့လက်ချောင်းလေးတခု လှုပ်ရှားသွားပါတယ်...

ငယ့်ဦးနှောက်ထဲမှာ ငယ်ငယ်က အန်တီတွေ မမတွေ စကားဝိုင်းက မျက်စိထဲပြန်မြင်ယောင်၊ နားထဲပြန်ကြားယောင်လာပြီး.. မျက်နှာကိုချက်ချင်းတည်လိုက်ပါတယ်။

ရှင်ဒီလိုမလုပ်သင့်ဘူး... ဒီအဓိပ္ပါယ်က ဘာလဲဆိုတာကို ငယ်သိတယ်.. တဖက်သားရဲ့ ရှင့်အပေါ်ရိုးရိုးသားသားယုံကြည်တယ်ဆိုတာ သိရဲ့သားနဲ့ ယုံကြည်မှုကို အလွဲသုံးစားမလုပ်ချင်စမ်းပါနဲ့...

သူ အီလည်လည်ပုံစံဖြစ်သွားပြီး ဆွဲထားတဲ့လက်ကိုလွှတ်လိုက်ပါတယ်...

အဲဒီနေ့ကစလို့... လူတွေကသူ့ကိုဘယ်လောက်ဘဲ ချီးမွမ်း.. ဘယ်လောက်ဘဲရိုးသားနေပါစေ... ငယ်ရဲ့ လေးစားယုံကြည်မှုကိုတော့ သူ ရှုံးဆုံးသွားခဲ့လေတယ်။


စိတ်ဝင်စားရင်...

Friday, March 20, 2009

အချစ်ဆိုတာဘာလဲ...

အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့
လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။

ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။
ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။

မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး
လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။

ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။

မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။

လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။

သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ
ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။

အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ
မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။

သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို
ပုံအပ်လိုက်ချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။

သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။

အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။
ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။

သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။




သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။

သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။

မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ
မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။

ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့
နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။

သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။

တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ
အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။
ဒါဆို အချစ်လေ။

မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ။
ဒါဟာ အချစ်ပဲပေါ့။

အခု အချစ်ဟာ သိပ် ခါးသီး နာကျင်နေစေမယ် ဆိုရင် ကျနော်တို့ ဘာကြောင့် ချစ်ကြဦးမလဲ။
ဘာအတွက်ကြောင့် ဒါကြီးကို တစ်ဘ၀လုံး ရှာနေဦးမလဲ။
ကျနော်တို့ ဒါကို ဘာလုပ်ဖို့ တောင့်တနေဦးမလဲ။
ဒီအနာတရ၊ ဒီမချိမဆံ့ ဝေဒနာ၊ ဒီဒုက္ခတွေက ဘာကြောင့်လဲ။
ကိုယ့်ရဲ့ အတ္တကိုတောင် ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့လေ။ အဲဒါ ဘာအတွက်လဲ။
အဖြေက သိပ်ရိုးရှင်းပါတယ်။ အဲဒါ အချစ်ကြောင့်လေ။
ဘယ်လောက်ထိ စွဲဆောင်အား ကောင်းသလဲဆိုရင် အချစ် မရှိဘူး ဆိုတဲ့လူတွေတောင်
ခံစားကြည့်ချင်တယ်။ ရှိပြီးသား လူတွေက သူများကိုလည်း ခံစားစေချင်တယ်လေ။

မှတ်ချက်။ ။ သူငယ်ချင်းမှ ပို့ပေးလိုက်သော အီးမေးလ်မှတဆင့် ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

စိတ်ဝင်စားရင်...

Wednesday, March 18, 2009

ဝိုင်းကူရှာကြရအောင်




မြင်းဘယ်နှစ်ကောင်ရှိလဲ ရေတွက်ကြရအောင်...

ဒီပုံထဲမှာ လူဘယ်နှစ်ယောက်ရှိလဲ.. အဖြေမှန်. မမှန်သေချာပြန်စဉ်းစားနော်..




ကဲ... စာထဲမှာပါတဲ့အတိုင်းဘဲ.. မျက်နှာဘယ်နှစ်ခုရှိလဲ ရှာကြည့်ရအောင်..

ဒီပုံထဲမှာရော.. ဘာတွေမြင်ရလဲ...

လူပုံလား... Liar လား

ကလေးလေးတယောက်..ဘယ်နားမှာလဲရှာကြည့်ရအောင်..

စိတ်ဝင်စားရင်...

အားလုံးအပျင်းပြေစေဖို့


အောင်မလေး... ဒီကာတွန်းမျိုးတော့ မဆွဲပါရစေနဲ့.. လက်ပြတ်သွားဦးမယ်..


အရုပ်ထဲမှတောင် လည်ပတ်ကို ဆွဲထားရတယ်.. ရန်မူမှာစိုးလို့ :P


အိမ်တွေလား.... လူတွေလား.. ၀ိုင်းစဉ်းစားကြပါဦး

တော်တော်ထက်တဲ့ ဓါးပါလား..

ဝိုင်းကူကပ်ပါဦး... စုတ်နေကုန်ပြီ..

ဘယ်လိုလုပ်ပြီး.. လမ်းကြောင်းပြောင်းသွားပါလိမ့်

စိတ်ဝင်စားရင်...

Friday, February 27, 2009

ရတက်မအေးနိုင်သော မနက်ဖြန်များစွာ


ထိုင်း- မြန်မာနယ်စပ် မဲဆောက်မှာ အလုပ်သမားတွေ ရက်ရက်စက်စက်အဖမ်းခံနေရတယ်လို့ ကြားတော့.. အတိတ်ဟောင်းဆီကို ပြန်ရောက်သွားတယ်...
အဲဒီတုန်းက ကျမလည်း အများသူငါလို အလုပ်လုပ်ခွင့်လက်မှတ်မရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတယောက်ပေါ့...



မနက် ၈ နာရီကနေပြီးတော့ ည ၉ နာရီထိ ပုံမှန်အလုပ်အချိန်ပြီးအောင်... ကိုယ့်ကိုသတ်မှတ်ထားတဲ့ အလုပ်ပြီးအောင်... အားလုံး ကုန်းရုံးပြီး လုပ်နေကြချိန်မှာ... အလုပ်ကြီးကြပ်သူတွေဖြစ်တဲ့ တရုတ်နိုင်ငံသားတွေနဲ့ စက်ရုံမှာ တာဝန်ရှိတဲ့ ထိုင်းတွေက ဟိုတစု..ဒီတစု...။

ဒါပေမဲ့ ၉ နာရီထိုးပြန်ရမဲ့အရေးမို့ ဘာတွေ..စုစု..စုစု ဖြစ်နေတယ်ဆိုတာကို ကိုယ်ကိုယ်တိုင်ကလည်း ဂရုမစိုက်အားပါဘူး။
"ပြေးကြဟေ့..ဂိတ်ဝမှာ ပုလိပ်ရောက်နေကုန်ပြီ."
အသံလည်းကြားရော.. သာမန်အချိန်ဆိုရင်တယုတယကိုင်တွယ်ရတဲ့ စက်ရုံအထည်တွေကိုလည်း မသအားတော့ပါဘူး..။ အထည်တွေကို ပုံးထဲ ပြန်ထည့်သူကထည့်.. ကတ်ကြေး၊ အပ်တွေကို ကြုံးထည့်ပြီး.. သိမ်းသူတွေကသိမ်း... မီးပိတ်ပြီးတော့ ပြေးသူတွေကပြေး.. ပြာယာခတ်သူတွေထဲမှာ ကျမလည်းပါတာပေါ့၊

မေမေကတော့ ကျမတို့မောင်နှမတွေကို စုပြီး.. စက်ရုံထဲမှာသိတဲ့ အစ်ကိုကြီးတွေက ကျမတို့လိုကလေးတွေကို အပေါက်ဝရောက်အောင်.. ဆွဲပြေးပါတော့တယ်...

မှောင်မှောင်စမ်းစမ်းထဲမှာ အရှေ့ဘက်ဂိတ်ကိုလည်းသွားဖို့မဖြစ်နိုင်တော့လို့..အနောက်ဘက်ခိုးပေါက်တွေကို တအားကြုံးပြေးကြတယ်။ ပွဲတော်လည်းမဟုတ်ပါဘဲ ကြိတ်ကြိတ်တိုးနေတဲ့အဖြစ်အပျက်ရဲ့ ဇစ်မြစ်ကတော့ ရှိတဲ့ခိုးပေါက်က တခါကို လူတယောက်ဘဲထွက်လို့ရပါသတဲ့....

ဒါတောင် တချို့အတွေ့အကြုံရှိတဲ့လူတွေက ပုလိပ်ဖမ်းရင် လေး၊ ငါး၊ ခြောက်ရက်.. တပတ်လောက်ကြာတတ်လို့.. လိုအပ်တဲ့အရာတွေကို အိပ်ဆောင်မှာပြန်ယူနေလို့တော်သေးတယ်..။ နောက်မို့ဆိုရင် စက်ရုံမှာလုပ်တဲ့ အလုပ်သမား ၈၀၀လောက်နဲ့ ခိုးပေါက် ၄ ပေါက်နဲ့... တညလုံးအပြင်ရောက်ဖို့..လမ်းကိုမမြင်နိုင်ဘူး။

ဒီလိုနဲ့ဘဲ ပုလိပ်လက်ကလွတ်ဖို့အရေး ခိုးပေါက်ကိုယ့်အလှည့်ကျအောင် အချိန်တော်တော်ကြာစောင့်လိုက်ရတယ်ဘဲဆိုပါတော့..။

ကိုယ့်အလှည့်ကျလို့ အပြင်လည်းရောက်လာရော.. နောက်ထပ်အပူတခုက ထပ်ဆင့်လာရတယ်..။ မဲဆောက်လိုနေရာမျိုးက လမ်းသူရဲတွေက အရမ်းများတယ်.. များသလောက်လဲ သက်ရောက်မှုတွေကရှိတယ်....

ကိုယ့်ဘက်က အုပ်စုနည်းလို့.. အမျိုးသမီးတွေကို တွေ့ရင် မုဒိမ်းကျင့်..သတ်ပစ်သလို... ယောက်ျားလေးတွေကိုတွေ့ရင်လည်း ရိုက်ပုတ်ပြီးတော့ ပါသမျှကို အကုန်ယူတော့တာဘဲ... အဲဒီတော့ အုပ်စုတောင့်အောင် စောင့်ကြရတယ်ဆိုပါတော့...

အဲဒီလိုနဲ့.. ကိုယ့်အိမ်တံခါးကိုဖွင့်ပြီးတော့ အားလုံးသော့ခတ်.. အိပ်ယာထဲရောက်မှဘဲ..သက်ပြင်းချပြီး... အော်.. ငါအိမ်ပြန်ရောက်ပြီဆိုပြီး စိတ်အေးရသလို နောက်တနေ့အတွက် စဉ်းစားရင်း ပူပန်မှုတ၀က်နဲ့ အိပ်ယာဝင်ခဲ့တယ်...

စိတ်ဝင်စားရင်...

Monday, December 15, 2008

တောင်းဆု


မျှော်လင့်ချက်တွေက…

တနေ့တော့ငါငြိမ်းချမ်းမယ်….

လက်ရှိအခြေအနေက…

အိမ်ခေါ်စရာ တဲစုတ်တောင်မှမဲ့….

လောကမှာ ငါပိုင်ဆိုင်ရာ…

ခြေတဖ၀ါးစာ..

မြေကွက်လေးတောင်မရှိပါ…

လွမ်းရတဲ့ မွေးမေမေ…

အခုတော့ဘယ်ဆီကိုရောက်နေ….

လေးစားရတဲ့ ချစ်ဖေဖေ….

ပေါ်တာပါပြီး ပြန်ပေါ်မလာ….

အစအနေပျောက်နေခဲ့တာကြာ….

ကံကြမ္မာရယ်…

အခွင့်သာပေးရင်…

ပျော်ရွှင်စရာငါ့မိသားစုနဲ့….

အေးချမ်းတဲ့ဘ၀ကိုဘဲ…

ငါ့ကိုပေးလှည့်ပါ…။



စိတ်ဝင်စားရင်...

Wednesday, December 3, 2008

အဆုံးသတ်


ဖြူလေးဆိုတဲ့ စိတ်ဝင်စားစရာ အိုင်ဒီလေးကို တွေ့တော့ ဇွဲရဲ့ ဂျီမေးလ် အိုင်ဒီမှာ သူငယ်ချင်းအဖြစ်ဖို့ သူ့ကို ဖိတ်ထားလိုက်တယ်….

အလုပ်တွေရှုပ်နေတဲ့အတွက်ကြောင့် နောက်ပိုင်းမှာထိုကိစ္စကို့ မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့တယ်….

တရက်တွင်..
ဟာ….. ဖြူလေးဆိုတဲ့ အိုင်ဒီက အင်တာနက်အွန်လိုင်းဖြစ်နေပါလား… နည်းနည်းချက်ကြည့်မှဘဲ…

..ဟေး… နေကောင်းလား..
ဟုတ်ကဲ့.. ကောင်းပါတယ်… ရှင်က ဘယ်ကလဲ….
… ကိုယ်ကရန်ကုန်မှာနေတာ… မင်္ဂလာတောင်ညွှန့်မှာလေ..မင်းကရော
ကျမလည်း ရန်ကုန်မှာပါဘဲ…စမ်းချောင်းမှာလေ..
…အော်.. ဒါဆိုရင် ဖြူလေးဆိုတာ မိန်းကလေးပေါ့နော်….
ဟုတ်ကဲ့…ရှင့်နာမည်ကရောဘယ်လိုခေါ်လဲ….
..ကိုယ့်နာမည်က ဇွဲလို့ခေါ်တယ်…...မင်းနာမည်က ဖြူလေးဘဲလား…
ဟုတ်ကဲ့…
..ဒါဆို.. ကိုယ်တို့သူငယ်ချင်းဖြစ်ပြီပေါ့နော်….
ဟုတ်ကဲ့…

အဲဒီလိုဘဲ အင်တာနက်မှာ စကားပြောရင်းပြောရင်း ဖြူလေးနဲ့ ဇွဲတို့ရဲ့ သံယောဇဉ်တွေ ခိုင်မြဲခဲ့တယ်။

ကျနော်.. သူနှင့် အင်တာနက်မှာ စကားစပြောရတော့.. တိုးညှင်းလွန်းတဲ့ နူးညံ့တဲ့ အသံအောက်မှာ…. ကျနော်နစ်မြောသွားခဲ့တယ်။
သူဖွင့်ပြထားတဲ့ ၀ပ်ဘ်ကမ် ထဲက နာမည်နဲ့ လိုက်ဖက်တဲ့ ဖြူဖြူနဲ့ သေးသေးသွယ်သွယ် သူ့ပုံရိပ်က ကျနော့်ကို အမြဲတမ်းစိုးမိုးထားတယ်…

သေချာပြန်တွေးကြည့်တော့… ဖြူလေးက ဇွဲရဲ့ နှလုံးသားတနေရာမှာ နေရာယူပြီးနေပြီ…




ဖြူလေး… မင်းကို..ကိုယ်ချစ်မိနေပြီ…
သူလည်း ကျနော့ကိုမငြင်းပါဘူး…

ဖြူလေးလဲ…ဇွဲကို ချစ်ပါတယ်….

ချစ်သူဖြစ်ပြီးတဲ့နောက်ပိုင်းမှာ… သူနဲ့ကျနော် အပြင်မှာ ချိန်းတွေ့ ဖြစ်ကြတယ်…

ဖျော့တော့တော့လေးနဲ့ လှနေတဲ့ ကျနော့ချစ်သူကို ကျနော် ရူးမတတ်ချစ်တယ်…
ဒါပေမဲ့ အပြင်မှာတွေ့တဲ့အချိန်တိုင်းမှာ ဖြူလေးကတော့ အမြဲတမ်း.. မတုန်မလှုပ်ပုံစံနဲ့.. ကျနော်သူ့ကို အားမလိုအားမရဖြစ်မိတယ်…

အင်တာနက်ပေါ်မှာဆိုရင်တော့… ဖြူလေးရဲ့အသံက နွေးထွေးအသက်ဝင်ပြီး တကယ့်လှိုက်လှိုက်လှဲလှဲနဲ့….

ချစ်သူသက်တမ်း (၆) လအကြာမှာတော့…

ဇွဲ…
ဇွဲကို အရမ်းချစ်ပေမဲ့ ဖြူလေးကိုမေ့ပြီး ဇွဲကို စိတ်ချမ်းသာအောင်ထားနိုင်မဲ့ အမျိုးသမီးတယောက်ကိုရှာလိုက်ပါတော့….
ဖြူလေးက.. ဇွဲနဲ့ မထိုက်တန်ပါဘူး…. ဖြူလေးတို့ရဲ့ဇါတ်လမ်း..ဒီမှာဘဲ အဆုံးသတ်လိုက်ကြရအောင်…

ဖြူလေး

စာတိုလေးကြောင့် ဇွဲ သူ့ကို အကျိုးအကြောင်းမေးကြည့်ရအောင် အင်တာနက်မှာ တညလုံးနီးပါးစောင့်နေခဲ့တယ်…
ဒါပေမဲ့ သူအွန်လိုင်းမလာခဲ့ဘူး…
သူ့ကိုအီးမေးလ်တွေပြန်ထားပေမဲ့လည်း သူဆီကစာမပြန်လာဘူး….

သူ့ဆီကစာကို စောင့်ရင်းနဲ့… တပတ်လောက်ကြာသွားခဲ့တယ်… သူကတော့ အွန်လိုင်းမှာပေါ်မလာပါဘူး.. လွယ်လွယ်ချစ်ပြီး..လွယ်လွယ်လမ်းခွဲတတ်တဲ့ ကောင်မလေးအဖြစ်သတ်မှတ်ပြီး... မုန်းနိုင်၊ မေ့နိုင်အောင်ကြိုးစားပေမဲ့.. ထင်သလောက်မလွယ်ခဲ့ဘူး။

ဟေ့ကောင်..ငဇွဲ..
ဟာ.. ငအောင်… ဘယ်သွားမလို့လဲ….
ငါ့ကိုခနလိုက်ခဲ့ပေးပါဦးကွာ… အစ်မက သွားစရာရှိလို့တဲ့…. သူ့ကိုထားခဲ့ပြီး.. မင်းနဲ့ငါနဲ့.. အတူတူပြန်လာမယ်.. ပြီးမှ.. မောင်မျိုးရဲ့ မင်္ဂလာဆောင်အတူသွားရအောင်..

မင်းအစ်မက ဘယ်ကိုသွားမှာလဲကွ…
စမ်းချောင်းကိုသွားမှာတဲ့ကွ…
ကျနော့်ရင်ထဲ ဒုတ်ခနဲ့တုန်သွားတယ်….အေး.. ဒါဆိုလဲသွားရအောင်လေ..

ကားပေါ်မှာ.. ငအောင်က မောင်မျိုးရဲ့ သတို့သမီးအကြောင်း မရပ်မနားပြောနေလေရဲ့…
ဟေ့ကောင်.. ငမျိုးရဲ့ကောင်မလေးက လှလိုက်တာကွာ.. ဖြူဖြူလေး…

ဖြူဖြူလေးဆိုတော့.. ဖြူလေးပုံစံကို ဖျတ်ခနဲ မြင်ယောင်လိုက်တယ်… ဒါပေမဲ့ မဖြစ်နိုင်ပါဘူး…

အင်းစိန်ရောက်တော့… ငအောင်ရဲ့ အစ်မက..
ရပ်..ရပ်.. ဒီမှာဘဲ..ရပ်တော့.. ဟုဆိုကာ.. အလျင်စလိုပင် ကားပေါ်မှဆင်းသွားလေသည်။

အစ်မ.. အစ်မ.. အိတ်ကျန်နေပြီလေ… အာ.. ဒီအစ်မတယောက်လဲ.. ကိုယ့်ပစ္စည်းတောင်..ကိုယ်မေ့နေတယ်… သွားလိုက်ပေးရဦးမယ်… ငဇွဲ..မင်းပါလိုက်ခဲ့… မင်းပါမှ.. ငါလည်း ပြန်ထွက်လို့လွယ်မှာကွ..

အေးပါကွာ.. မြန်မြန်လုပ်.. ငမျိုးမင်္ဂလာဆောင်နောက်ကျနေဦးမယ်…
အေးပါ.. မြန်မြန်လာ…

ခြံထဲရောက်တော့.. လူတွေက ရှုတ်ရှပ်ခတ်လို့နေသည်။ ဘာပွဲလုပ်မလို့ပါလိမ့်ဟူသော အတွေးမှမစခင်…
ငယ်ငယ်လေးနဲ့..သနားစရာလေးနော်… သူ့ရည်းစားသာရှိရင်တော့.. တော်တော်နှမြောမှာဘဲ… ဟူသော စကားတွေကြောင့် ဒီအိမ်မှာ ၀မ်းနည်းစရာ တခုခုဖြစ်နေတယ်ဆိုတာ.. သိလိုက်တယ်…

အိမ်ထဲဝင်သွားသော ငအောင့်အစ်မကို အထုပ်လိုက်ပေးဖို့အတွက် အိမ်ထဲဝင်သွားတော့.. ဇွဲရဲ့ ခြေလှမ်းတွေ ဆက်လှမ်းလို့မရအောင် ရပ်တန့်သွားစေခဲ့တာက သေဆုံးသူရဲ့ အလောင်းပင်….
ဖြူလေး….ဘုရား..ဘုရား.. မဟုတ်ပါစေနဲ့… (ချစ်သူနဲ့ မပေါင်းဖက်ရပေမဲ့လည်း… ကျနော် အရမ်းချစ်ရတဲ့ ချစ်သူကို ယခုလို ပုံစံနှင့် မမြင်လိုပါ..)..

နှမြောစရာကြီးမဟုတ်လား ငဇွဲ… သူက ငါ့အစ်မ..သူငယ်ချင်းရဲ့ညီမလေးလေ… ရောဂါသည်လေးမို့.. တအိမ်လုံး.. ပိုးမွေးသလိုမွေးထားတာ… သေမဲ့ရက်ကို ထိုင်စောင့်နေရရှာတဲ့ ကောင်မလေးပေါ့… လွန်ခဲ့တဲ့ တပတ်လောက်ကမှ ပိုဆိုးလာလို့ ဆေးရုံမှာတင်ထားတာ မနေ့ကဘဲဆုံးတာလေ….
ဇွဲရဲ့နားထဲ ၀င်တချက်မ၀င်တချက်နဲ့… မြင်ကွင်းထဲမှာလဲ ဖြူလေးရဲ့ လဲလျောင်းနေတဲ့ ရုပ်ပုံလွှာ… နှလုံးသားကို ဓါးနဲ့မွှန်းနေသလို… တစစ်စစ်နာကျင်လျှက်.. ရှိုက်ကြီးတငင်ငိုကြွေးမိတော့တယ်….

စိတ်ဝင်စားရင်...

Wednesday, October 8, 2008

ခွန်အားသစ်


တဖြည်းဖြည်းရင့်မာလာတဲ့....
ကိုယ်ဝန်ကိုကြည့်ပြီး…..
ပီတိတွေဖြာနေရသူက… ကြည်ဖြူရယ်ပါ…..

ဝမ်းထဲက…. ရင်သွေးငယ်လေးရဲ့....
လှုပ်ရှားမှုတွေကို ခံစားရတိုင်း….
အတိုင်းအဆမရှိ.. ကြည်နူးနေမိတယ်….

လှုပ်ရှားနေတဲ့နေရာကို...
ကိုင်တွယ် ပွတ်သပ်ရင်းက..
ဒါကတော့ ခြေထောက်ကလေး….
ဒါကတော့.. လက်ကလေးရယ်ဆိုပြီး…
ထင်ကြေးပေးရင်း.. တစိမ့်စိမ့်ပြုံးနေမိတယ်….

တကယ်တမ်းဆိုရင်…. ဒီရင်သွေးရဲ့ အဖေဆိုတဲ့ ပုဂ္ဂိုလ်ကို … နည်းနည်းလေးမှ ထည့်မစဉ်းစားမိနေဘူး….



သူကကြည်ဖြူ့ကို…. ဂရုစိုက်ပေမဲ့… ကလေးကိုတော့ တသက်လုံး… ပြုစုပျိုးထောင်သွားချင်တဲ့ ပုံစံမျိုးလည်း မမြင်ရပါဘူး….

သူက… “ကိုယ်က.. အိမ်ထောင်တခုလုံးကို…

တာဝန်ယူနိုင်မယ့်အရည်အချင်းမရှိသေးဘူး …..
ကိုယ်က ကျောင်းလဲမပြီးသေးဘူး…
ကိုယ်ပိုင်ဝင်ငွေလဲမရှိသေးဘူး….
မိဘတွေပို့လာတဲ့ ကျောင်းစရိတ်တောင် အလျှင်မှီအောင် မနည်းသုံးနေရတာ…
အပိုငွေ ဘယ်မှာရှိပါ့မလဲ….ကြည်ဖြူရယ်” …..

တချိန်တုန်းက…. ကိုယ်တို့အတူနေရင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ… သူတောင်းဆိုခဲ့ဘူးတဲ့… မိသားစုဆိုတဲ့ အခြေအနေတခုက သူညည်းပြသွားခဲ့တဲ့…. ဘူး …တွေရဲ့… အောက်မှာ…
တစစီကွဲကြေသွားခဲ့ပြီလား… ကြည်ဖြူမသိပါ…

ဒီအချိန်မှာ… သူ့ရဲ့စကားတွေ သူပြောသမျှတွေကို ဗိုက်ကလေး ပွတ်ပြီး ပြုံးပြုံးလေးဘဲ နေရင်းနဲ့ …. ဘာတွေပြောသွားမှန်းကို မသိဘူး…..နားထဲမှာလည်း မကြားခဲ့ဘူး…..

ဘယ်သူတွေ.. တာဝန်ယူယူမယူယူ…. ကိုယ့်အသွေးထဲကဖြစ်ပေါ်လာတဲ့… ကိုယ့်ရဲ့ ရင်သွေးကိုတော့ … ကြည်ဖြူ..လက်လွတ်စပယ်..မလုပ်ပစ်ချင်ဘူး…

ဒါပေမဲ့.. သူ့ကို ကြည်ဖြူနောက်ဆုံးစကားတခွန်းကိုတော့ အပြုံးမပျက် ပြောဖြစ်ခဲ့တယ်….
“ကို… ဒီကလေးကို.. တာဝန်မယူနိုင်ဘူးလို့ ပြောချင်တာလား…..
အဲဒီလိုဆိုရင်လည်း… သွယ်သွယ်ဝိုက်ဝိုက်ပြောနေစရာမလိုပါဘူး…

ကြည်ဖြူကတော့ ဒီကလေးကို မွေးမယ်….
ကို တာဝန်ယူစရာမလိုဘူး…
ဒါပေမဲ့ တခုတော့ရှိတယ်…. တချိန်ကျမှ… ဒါကိုယ့်ကလေးပါဆိုပြီးတော့… အရန်သင့် အမည်လာခံတာမျိုးတော့ ကြည်ဖြူခွင့်မပြုနိုင်ဘူး…. ”

“ ဒါတွေဟာ.. ကြည်ဖြူ.. ကို့ကို မုန်းလို့ပြောတာလည်းမဟုတ်ပါဘူး… ကို့သဘောပါ…
ကို့မှာ ရွေးချယ်ခွင့်ရှိပါတယ်…”

သူရွေးချယ်မဲ့ လမ်းကို… ကြည်ဖြူကြိုတွေးပြီးသားမို့လို့….. တအားတော့မခံစားရပါဘူး…
သူ.. ကြည်ဖြူ့ရဲ့ဆုံးဖြတ်ချက်ကို.. စိတ်ပျက်လက်ပျက်ပုံစံနဲ့…. တချက်ကြည့်တော့… သူ့ကိုအဖြူစင်ဆုံးပြုံးပြခဲ့တယ်…

သူ.. ကြည်ဖြူ့ကို ကျောခိုင်းသွားခဲ့တယ်….

ကျန်ခဲ့တဲ့ ကြည်ဖြူကတော့…. လွယ်ထားရတဲ့ ရင်သွေးငယ်ကပေးတဲ့ ခွန်အားတွေနဲ့… အဓိပ္ဖါယ်ရှိတဲ့ မနက်ဖြန်တွေကို ဖြတ်သန်းဖို့အတွက်.... ခြေလှမ်းသစ်တွေပြင်ရင်း…

သူ့နဲ့ဆန့်ကျင်ဘက်ကို ကျောခိုင်းလိုက်ပါတယ်…..

သူရှိမှ အရာအားလုံးကို ရင်ဆိုင်ဖြတ်သန်းနိုင်မှာမဟုတ်ပါဘူး..... သူ...မရှိလည်း ဒါတွေကို ကြည်ဖြူရင်ဆိုင်ကျော်ဖြတ်နိုင်တယ်လေ.....

စိတ်ဝင်စားရင်...

Monday, September 15, 2008

ပုစဉ်းလေးတကောင်အကြောင်း


အေးချမ်းတဲ့ မြို့ လေးတစ်မြို့ မှာ
တစ်ဦးကိုတစ်ဦး
အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးရှိတယ်။
သူတို့ဟာ အမြဲမခွါ
တစ်တွဲတွဲပဲ နေ့တိုင်း
ပင်လယ်ဘေးကို သွားပြီး
နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။
သူတို့ကမြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။

ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာလဲလျောင်းနေရတယ်။

နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီးသူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။
အချိန်တွေ တဖြေးဖြေးကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင်
ခမ်းလုနီးနေပြီ။

ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေးလက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။

ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီးမျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။

ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက
တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။

"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။

မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့ ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။

သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့ ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။

ကောင်လေး ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။
ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။





ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း
ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ်
ထပျံလာခဲ့တယ်။

မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကိုသူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ
အရပ်တန့်ခံလိုက်ရတယ်။

လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊
သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လိုပျော်ရွှင်ချမ်းမြေ့နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကိုပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့
ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှမတတ်နိုင်ခဲ့ဘူး။

ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ
ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကိုအသက်ရှုကျပ်စေတယ်။

သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏသွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က
သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကိုလုံးဝ သတိမေ့သွားခဲ့ပြီလေ။

သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ
သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီးနမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေစီးကျလာခဲ့တယ်။

"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာကပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ
မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"

သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား..

(မှတ်ချက်။ ။ သူငယ်ချင်းတယောက် အီးမေးလ်မှ ပို့လာသော ဇာတ်လမ်းအား တင်ပြခြင်းဖြစ်ပါသည်)

စိတ်ဝင်စားရင်...

Wednesday, September 3, 2008

ဖြေပေးပါ..



နွေကန္တာရလို...
ပူပြင်းတဲ့နှလုံးသားလမ်းကို...
ဖြတ်သန်းလာခဲ့ရသူငါ့ကို...
အကြင်နာရေအေးနဲ့စောင့်ကြိုသူ...ချစ်သူ...

နာကျင်မှုတွေနဲ့...
နှလုံးသားကြေမွမတတ်....
ဒဏ်ရာတွေကို... မေတ္တာတွေနဲ့..
ကုစားပေးသူ... ချစ်သူ....

ယိုင်နဲ့နဲ့နှလုံးသားနဲ့...
နွမ်းနယ်နေတဲ့ငါ့ကို..
ညင်သာစွာ
ဖေးကူသူ...ချစ်သူ...

အချိန်ကြာလာလို့....
အသစ်သစ်တွေလာရင်ရော...
ချစ်ခြင်းမေတ္တာတွေနဲ့....
ငါ့လက်ကိုမလွှတ်ဘဲ...
အသက်ထက်ဆုံး....
တွဲခေါ်မှာလား... ချစ်သူ..။



စိတ်ဝင်စားရင်...

ကမ္ဘာပျက်စေခဲ့တဲ့ ဧပြီ (၁၀) ရက်





ငယ်ငယ်ကတည်းကပေါ့....
အဖေနဲ့ တူတူသွားခဲ့တဲ့နေရာတွေကို....
ပြန်သတိရမိတယ်....။

တချိန်တည်းမှာဘဲ...
ကျမရဲ့ ဘယ်တော့မှ..
မမေ့နိုင်တဲ့အချိန်လေးတွေကိုလဲ..
ပြန်မြင်ယောင်လာတယ်....။

ကျမက... ဖေဖေသွားလေရာလိုက်သွားတတ်သလို...
ဖေဖေကလည်း ကျမကို ခေါ်သွားလို့ရရင် ခေါ်သွားလေ့ရှိပါတယ်...


ကျမရဲ့ဖေဖေက... ကျမတို့မိသားစုကို.... အရမ်းချမ်းသာအောင် မရှာဖွေပေးနိုင်ပေမဲ့.... နေဖို့စားဖို့လုံလောက်တဲ့... လူလတ်တန်းစားထဲမှာ ကျမတို့မိသားစုက အပါအ၀င်ဖြစ်ပြီး.. အေးချမ်းတဲ့ မိသားစုလေးတခုကို ဖေဖေက ဖန်တီးပေးခဲ့ပါတယ်....။

အရက်သောက်တတ်တဲ့ ဖေဖေက ညနေအိမ်မပြန်လာတိုင်း... မေမေက ကျမကို လိုက်ခေါ်ခိုင်းလို့... ရွာထဲက အရက်ဆိုင်တွေဆီ နှံ့နေအာင် သွားခဲ့ရတဲ့ အချိန်တွေကို ပြန်စဉ်းစားရင်... ဒီအချိန်မှာ ရှက်သလိုလိုဖြစ်မိပေမဲ့.... အဲဒီတုန်းက..ကလေးသဘာဝ.. ဖေဖေ့ဘေးမှာ ထိုင်ရင်း အမြည်းစားပြီး...ဖေဖေ့ကို စောင့်နေရတာကိုက ကျမပျော်နေခဲ့တာဘဲ.....။

ညဘက်တွေဆိုရင်... ဖေဖေက ၀တ္ထုတွေဖတ်တဲ့အခါတိုင်း... စာမကျက်ဘဲ...ဖေဖေ့ဘေးမှာ အတင်းဝင်ပြီး ၀တ္ထုလိုက်ဖတ်ခဲ့တဲ့ ညတွေကိုလည်း မှတ်မိသေးပါရဲ့ဖေဖေရယ်....။

ကျမ ငါးတန်းစာမေးပွဲဖြေပြီးလို့... နွေရာသီကျောင်းပိတ်ချိန်မှာ... ကျမတို့ ပျော်ရွှင်စရာမိသားစုကို... ကံကြမ္မာမုန်တိုင်းက တိုက်မှန်းမသိတိုက်ခတ်ခဲ့တယ်....။

ဖေဖေစပြီး ကျန်းမာရေးမကောင်းဖြစ်တဲ့အချိန်မှာ... ဖေဖေအရမ်းကြိုက်တဲ့ မုန့်ဟင်းခါးကို မနက်စာကျွေးပြီး ဆေးတိုက်တော့...ဖေဖေမစားနိုင်ခဲ့ဘူး...။

ကလေးသာသာရှိသေးတဲ့ကျမကတော့... ဖေဖေမစားနိုင်တဲ့ အသီးတွေ.. မုန့်တွေကို စားရလို့.. ပျော်နေခဲ့တာကို စဉ်းစားတိုင်း... စိတ်ထဲမှာ ဒေါသထွက်မိတယ်....။

ရင်တွေအရမ်းပူလို့ဆိုပြီး... ရေပုလင်းကို အမြဲတမ်းဖက်တွယ်ထားတတ်တဲ့ဖေဖေက... သစ်တိုသီးစားချင်တယ်ဆိုလို့... သားအဖနှစ်ယောက်.. သစ်တိုသီးအကင်းတွေကိုကောက်ပြီး... ဆားအစပ်တွေနဲ့တို့စားကြတာလဲ မြင်ယောင်နေမိသေးတယ်...။

အဲဒီတစ်ညမှာတော့....ဖေဖေနေမကောင်းလို့ဆိုပြီး... ကျမတို့ညီအစ်မတွေအားလုံး... ဖေဖေ့ဘေးမှာ မေမေကခေါ်သိပ်လို့အိပ်ပျော်နေချိန်မှာ....

ဧပြီလ (၉) ရက်နေ့.. မနက် (၃) နာရီထိုးမှာ... မေမေ၊ ဒေါ်လေးနဲ့ ဦးလေးတို့... ပျာပျာသလဲနဲ့... ဖေဖေ့ကို ဆေးရုံခေါ်သွားတော့.... ကျမက ဒီနေ့ဖေဖေ ဆေးရုံရက်ချိန်းရှိလို့ သွားကြတယ်ပေါ့.....။

အဲဒီတစ်နေ့လုံး.... အဖိုး၊အဖွား.. ဦးတွေ၊အဒေါ်တွေ...အားလုံးအလုပ်ရှုပ်နေကြတယ်...။

အဖိုးကဆေးရုံကိုလိုက်သွား.... အဒေါ်တွေက စွပ်ပြုတ်တွေပြုတ်ပေါ့....။ ကျမတို့ကတော့ ဖေဖေဆေးရုံတက်လို့.. သက်သာသွားရင်.. ပြန်လာမယ်လို့ဘဲ.. ယုံကြည်ခဲ့တယ်....။

အဲဒီညက... ကျမတို့ညီအစ်မတွေ.... အဒေါ်အိမ်မှာသွားအိပ်ခဲ့ရတယ်....။ ဒါပေမဲ့.. ည (၁၁) နာရီထိုးလောက်မှာ.... ဆေးရုံလိုက်သွားတဲ့ အဒေါ်က ရောက်လာပြီးတော့..

...အိမ်သော့ပေး... ကလေးတွေပါခေါ်ခဲ့တဲ့... သူတို့ပြန်လာကြပြီ....

အဒေါ်က ကျမတို့ကို

...သမီးတို့ ထကြ... ထကြ.. အိမ်ပြန်ရအောင်....

ကျမတို့ညီအစ်မတွေအားလုံး... အိပ်ချင်မူးတူးနဲ့.. အိမ်ပြန်ရောက်သွားတော့.. ဖေဖေ့ကို ဆေးပုလင်းတန်းလန်းနဲ့..တွေ့ရတယ်... အိမ်မှာလည်း လူစုံတက်စုံပေါ့...။

မေမေကငိုနေလို့... ဘာဖြစ်လို့လဲဆိုပြီး... တချက်တော့ အူကြောင်ကြောင်ဖြစ်သွားပေမဲ့.... မီးဖိုချောင်ထဲမှာရှိတဲ့... ဒေါ်ငယ်ဘေးမှာသွားထိုင်တော့... ဒေါ်ငယ်က ဆန်ပြုတ်ပြုတ်နေတယ်...

...အဲဒါဘာလုပ်ဖို့လဲဒေါ်ငယ်.... လို့မေးလိုက်တော့...
ဒေါ်ငယ်က..... ဖေဖေသောက်ဖို့...တဲ့....

ကလေးဖြစ်ပေမဲ့.... ဖေဖေ့ရဲ့ အသက်ရှူသံပြင်းပြင်းကြောင့် ကျမအိပ်လို့မရခဲ့ဘူး..... အမှန်အတိုင်းပြောရရင်... အဲဒီအသက်ရှူသံတွေကို... ကြောက်လဲကြောက်နေခဲ့တယ်.... ပင်ပင်ပန်းပန်းအသက်ရှူနေရတဲ့... ဖေဖေ့ကိုလဲ သနားတယ်။

ဒီလိုနဲ့ဘဲ..မိုးလင်းလာတယ်.... ဖေဖေ့ရဲ့အသက်ရှူသံတွေက ပိုကျယ်လာတယ်.... အဲဒီအချိန်မှာ... ကျမစပြီးတော့..တကယ်လို့ဖေဖေသာ... ငါတို့မိသားစုကို.. ခွဲသွားခဲ့ရင်ဆိုတဲ့အတွေးကို....တွေးလာတယ်....။

ကျမ အရမ်းကို တုန်လှုပ်သွားခဲ့တယ်... ကျမဘ၀မှာ တခါမှမတွေးဖူးခဲ့တဲ့အတွေးမို့... ဘာလုပ်ရ..ကိုင်ရမှန်းမသိဘဲ....မျက်ရည်တွေနဲ့.... ဘုရားစင်အရှေ့မှာ... ဘယ်နှစ်ကြိမ်ရှိခိုးပြီး..ဆုတောင်းနေခဲ့မှန်းတောင် ... မမှတ်မိတော့ဘူး....။

ဒါပေမဲ့ ကလေးဖြစ်တဲ့ ကျမရဲ့ဆုတောင်းကိုဘဲ... ဘုရားကအလေးမထားတာလားတော့မသိဘူး...

မနက် (၆) နာရီခွဲလောက်ရောက်တော့... ဖေဖေ့ဆီက ဆေးပုလင်းတွေကိုဖြုတ်လိုက်ကြတယ်....။ အဲဒီအချိန်မှာ ကျမကအိမ်ရှေ့ဘုရားခန်းထဲမှာပေါ့.... ဖေဖေ့အသက်ရှူသံတွေတိုးသွားလို့... ဖေဖေ.. သက်သာလာပြီအထင်နဲ့... အခန်းထဲကို ပြေးဝင်ကြည့်တော့... မေမေက ဘေးနားမှာငိုလို့... အဖိုးနဲ့... အဖွားက မေမေ့ကို...

....သူလွတ်လွတ်ကျွတ်ကျွတ်သွားပါစေ... သမီးတို့ရဲ့ငိုသံတွေကို... သူမကြားပါစေနဲ့.... တဲ့....

ဒီတခါမှာတော့... ကျမအဖြစ်က ရိပ်မိတော့ တခင်းကုန်နေပြီဆိုသလိုမျိုး.... ကျမအကြောက်ဆုံးတနေ့တနေ့ရဲ့ မြင်ကွင်းကို ဘာမှမသိလိုက်ပါဘဲ... ရောက်ခဲ့တယ်...။

ကျမကိုအရမ်းချစ်တဲ့ဖေဖေက... မျက်စိတောင်မဖွင့်နိုင်ဘဲ... တဖြည်းဖြည်းငြိမ်ကျသွားသလို.... ဘုရားစင်ရှေ့မှာ ကန်တော့ရင်းနဲ့... ကျခဲ့တဲ့ ကျမရဲ့ မျက်ရည်တွေလည်း.... အဲဒီနေရာမှာဘဲ ခမ်းခြောက်သွားခဲ့တယ်....။

ရုပ်ရှင်တွေဗီဒီယိုတွေထဲကလို.... ကျမ..မေ့လဲမကျသွားပါဘူး...။ ဒါပေမ... ဖေဖေ့ရဲ့ ပုံရိပ်... လူတွေရဲ့လှုပ်ရှားမှု... မေမေ့ရဲ့ အငိုမျက်နှာ... မြင်ကွင်းအားလုံးက... ကျမနှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ...


စိတ်ဝင်စားရင်...

Tuesday, July 15, 2008

ချစ်သူနဲ့အတူ


ချစ်သူတွေစပြီးတော့ ဖြစ်ခဲ့ကြကတည်းကနဲ့...
အဆင်မပြေမှုတွေက....
တို့နှစ်ယောက်ရဲ့နောက်မှာ...
ထပ်ချပ်မကွာလိုက်ပါခဲ့တာ...

သတိထားခဲ့မိတယ်ဆိုပါတော့ ချစ်သူရယ်..
အခက်အခဲတွေကို အတူတူကျော်လွှားရင်းနဲ့...
တယောက်သောကကို.. တယောက်မမြင်အောင်...
ငါတို့ဟန်ဆောင်ဖုံးကွယ်ခဲ့ကြတယ်... ချစ်သူစိတ်ဆင်းရဲမှာ စိုးလို့ပေါ့...




မထင်မှတ်တဲ့ ပြသနာတွေ... တခုပြီးတခုလာတိုက်ခိုက်တဲ့အချိန်မှာ... ငါက အားလုံးကို မင်းနဲ့အတူရင်ဆိုင်... ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို ပြတ်ပြတ်သားသားအံတုဖို့ဆုံးဖြတ်လိုက်ချိန်မှာ... နင်ကတော့ နင့်အတွက်နဲ့.. ငါရင်ဆိုင်ရမဲ့ ထိခိုက်နစ်နာမှုတွေအတွက်... တိတ်တိတ်လေး အဝေးကိုထွက်ခွာသွားဖို့... ဆုံးဖြတ်လိုက်တယ်နော်...

...ချစ်သူရယ်.. အားလုံးအဆင်ပြေသွားမှာပါလို့...အသံငြိမ်ငြိမ်လေးနဲ့ နင်ပြောလာပေမဲ့.. ငါရင်ထဲမှာ တခုခုကို သိနေသလိုရှိခဲ့တယ်...

အဲဒီညမှာ... ငါတို့နှစ်ယောက်လုံး အရမ်းဝမ်းနည်းလွန်းပြီး.. စကားဆက်မပြောနိုင်ဘဲ...ဖုန်းချဖြစ်ခဲ့တယ်နော်...

...အဲဒီနောက် ငါခဏလေး အိပ်ပျော်နေချိန်မှာ.. နင်ငါ့ဆီကို ဖုန်းပြန်ဆက်ခဲ့တယ်.... နင်ငါ့ကို အိပ်နေလားလို့မေးပြီးတော့... ငါပေးထားတဲ့ ကျောက်စိမ်းပြားလေးးကို ပြန်မပေးတော့ဘူးနော်ဆိုပြီး.. ငါ့ကိုစသလိုလိုနဲ့နင်ပြောတယ်...

...ပြီးတော့.. ချစ်သူ..နောက်ဆိုရင် ကျန်းမာရေးကို ဂရုစိုက်ရမယ်နော်လို့ နင်ပြောလိုက်ချိန်မှာ... ငါသိနေသလိုရှိခဲ့တဲ့အရာ သေချာသွားသလို... ဒါမှမဟုတ်... တစုံတယောက်က ငါ့ကိုတိုက်တွန်းနေသလိုမျိုး...

..နင်ငါ့ကိုထားပြီး..တနေရာရာသွားဖို့..ပြင်နေတယ်မဟုတ်လားလို့.. ငါမေးမိတယ်နော်...

အဲဒီအချိန်မှာ.. တိတ်သွားတဲ့ နင့်အသံကြောင့် ငါ့အထင်တွေပိုပီပြင်လာတယ်... ငါတို့နှစ်ယောက် ဝေးကြတော့မယ်ဆိုတဲ့ ထိတ်လန့်မှုတွေနဲ့.. မသွားပါနဲ့လို့.. ငါနင့်ကို တောင်းဆိုမိတယ်... ကတိပေးဖို့လည်း ငါနင့်ကိုပြောမိတယ်...

ငါ့အပေါ်မလိမ်ချင်တဲ့နင်ကလည်း... အဲဒီကတိကိုတော့ နင်မပေးနိုင်ဘူးလို့ပြောတော့.. နင်တိတ်တိတ်လေး စီစဉ်ထားတဲ့အရာတွေကို ၀န်ခံခဲ့သလိုဖြစ်ခဲ့တယ်နော်...

အဲဒီအချိန်.. ငါဝမ်းနည်းလွန်းလို့ ငိုသံတွေကို... နင်တားဆီးနိုင်ဖို့အတွက်.. မငိုပါနဲ့ချစ်သူရယ်..ဆိုတာကလွဲပြီး.. ဘာမှမလုပ်နိုင်ခဲ့ဘူးလေ...

ငါအတန်တန်တောင်းပန်နေပေမဲ့.. ငါ့အတွက် အကောင်းဆုံးလို့ထင်ပြီး နင်ဆုံးဖြတ်ထားတာတွေကို.. နင်အရှုံးမပေးချင်လို့... နင်လည်း အလျော့မပေးခဲ့ဘူးမဟုတ်လား..

အဲဒီတော့.. ငါ့ငိုသံတွေရပ်ပြီး.. နင်သွားချင်ရင်သွားပါ... ဒါပေမဲ့.. နင်သွားပြီးနောက်ပိုင်းဆိုရင်.. ငါ့ကျန်းမာရေးလဲ ဂရုမစိုက်ဘူး.. ထမင်းလဲ ပုံမှန်မစားဘူး... ဗိုက်အောင့်တတ်တဲ့ ငါ့ကို ငရုပ်သီးတွေမစားဖို့တားတာကိုလဲ နားမထောင်တော့ဘူး.. .အလုပ်သွားရင် ကားလမ်းအကူးကို အမြဲစိတ်ပူတတ်တဲ့ နင့်ကို... လမ်းလဲ ကူးချင်သလိုကူးမယ်ဆိုပြီး.. ငါပြောတော့...

...အဲလိုမလုပ်ပါနဲ့ချစ်သူရယ်..ချစ်သူအတွက်ကောင်းပါစေဆိုပြီးဆုံးဖြတ်ပါတယ်ဆို... ချစ်သူတခုခုဖြစ်ရင်...ဘယ်လိုမှ ခံစားနိုင်မှာမဟုတ်ဘူးဆိုပြီးတော့...နင်ဝမ်းနည်းလို့.. ငိုခဲ့တယ်နော်...

အဲဒီအချိန်... ဒါဆိုရင်မသွားနဲ့လို့..ငါပြောတော့... နင်အကြာကြီးစဉ်းစားပြီးမှ...

..အင်း..မသွားတော့ဘူးဆိုပြီးတော့.. ငါ့ကိုပြန်ပြောခဲ့တယ်နော်...

အဲဒီအချိန်ကနေစပြီး.. ငါတို့နှစ်ယောက် အခက်အခဲမှန်သမျှရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ကြတယ်နော်..

...ချစ်သူရယ်..လောကမှာဖြစ်ချင်တာရှိရင် ကြိုးစားရင်ရပါတယ်... ဆုံဆည်းချင်ရင်လဲ... ဆုံးဆည်းအောင်ကြိုးစားမယ်လို့..ဆုံးဖြတ်ထားရင်.. အဆုံးသတ်မှာ.. ငါတို့နှစ်ယောက်အတူလက်တွဲရမှာပါ...။

စိတ်ဝင်စားရင်...

၁၉ ဇူလိုင်.. အာဇာနည်နေ့အတွက်



၁၉၇၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမတွင်..
ပြောကြားခဲ့သော ဗိုလ်ချုပ်မိန့်ခွန်းမှ...


နိုင်ငံရေးဆိုတာက တခါတရံမှ အစည်းအဝေးလုပ်ပြီးတော့...
စင်မြင့်ပေါ်က ပြောတဲ့လူကပြော..
နားထောင်တဲ့လူက နားထောင်တဲ့ ကိစ္စမျိုးမဟုတ်ဘူး...
အမြဲတမ်းအားဖြင့်... တတိုင်းပြည်လုံးမှာရှိတဲ့.. တိုင်းသူပြည်သားတွေဟာ...
မိမိတို့ရဲ့ ဆိုင်ရာဆိုင်ရာ အကျိုးတွေကို... ဆိုင်သလိုဖွဲ့စည်းပြီးတော့ကာ...
မိမိတို့ ပြသနာတွေကို လုပ်ပြီးတော့ကာ...
ဖြေရှင်းရန်အတွက်.. အမြဲတမ်းလုပ်နေတဲ့ ကိစ္စဖြစ်တယ်...။


၁၉၄၅.. သြဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံရေးခေါင်းဆောင်များ အစည်းအဝေးမိန့်ခွန်းမှ..
ခေါင်းဆောင်လုပ်တဲ့ လူတွေဟာ...
ကိုယ်ယုံကြည်တဲ့ ကိစ္စကို တိုင်းသူပြည်သားတွေကို..
ပြောရဲရမယ်.. ရှင်းပြနိုင်ရမယ်..
အသက်စွန့်သင့်တဲ့နေရာမယ် စွန့်ရဲရမယ်..
ပရိယာယ်သုံးသင့်တဲ့နေရာမယ်.. သုံးရမယ်..
အချိန်အခါလိုက်ပြီးလုပ်ရမယ်..
အများယောင်လို့ယောင်ရတယ်... အမောင်တောင်မှန်း..မြောက်မှန်းမသိဘူးဆိုရင်...
ခေါင်းဆောင်မဟုတ်ဘူး...

စိတ်ဝင်စားရင်...

Thursday, July 10, 2008

အတူရှိနေပေးပါ


ပတ်ဝန်းကျင်က..
မင်းနဲ့ ပတ်သက်လို့..
ရိုက်ခတ်..ကဲ့ရဲ့သံတွေ...
ငါကြံ့ကြံ့ခံရင်ဆိုင်နေတုန်းမှာ...
အားလုံးအဆင်ပြေဖို့အတွက်ဆိုပြီး..
ငါနဲ့ဝေးရာ..
ကျေးဇူးပြုပြီးမင်းထွက်မသွားပါနဲ့...
ငါ့ရဲ့အားအင်တွေ...
မျက်ရည်အဖြစ်ပြောင်း...
ခန္ဓာကိုယ်ထဲမှာ...

တစက်ကလေးမှမကျန်အောင်...
နှုတ်မယူသွားပါနဲ့ ချစ်သူရယ်....




စိတ်ဝင်စားရင်...

Tuesday, July 1, 2008

ဟေး.. သက်ဆိုင်သူ...


သံယောဇဉ်တွေ..
ရင်မှာတကယ်တမ်းဖြစ်တည်ခဲ့ရင်...
အချစ်ဆိုတာကို...
မင်းအတွက်...
ငါအတတ်နိုင်ဆုံး...
ဖန်တီးပေးပါ့မယ်..
သူငယ်ချင်းကောင်လေးရယ်....




စိတ်ဝင်စားရင်...

Monday, June 23, 2008

သြော်.. ပတ်ဝန်းကျင်..


ချစ်သူနဲ့.. လမ်းလျှောက်ထွက်ဖို့... ဒီညနေမှာ အားလုံးစီစဉ်ထားတယ်...
ချစ်သူစဖြစ်တဲ့အချိန်ကစပြီး... သူများ သိမှာစိုးလို့... ဘယ်ကိုမှ အတူထွက်မလည်ဖြစ်ခဲ့ဘူး..
သွားလည်ဖို့နေရာရွေးပြန်တော့လဲ... ကိုယ်နဲ့သိတဲ့လူတွေ သိပ်ပြီးတော့ လာလေ့လာထ မရှိတဲ့နေရာပေါ့...
ဘာဖြစ်လို့လဲဆိုတော့...




သိတဲ့လူတွေက.. ပတ်ဝန်းကျင်ဆိုတာက နည်းနည်းဖြစ်ရင် များများပြောချင်တယ်လေ..အဲဒါမျိုးတွေကကြုံရပေါင်းများနေပြီ... ချစ်သူဘ၀ဆိုတော့... အရမ်းသတိရ.. လွမ်းရဆိုတော့..ချစ်သူက လက်ကလေးကို တွဲပြီးတော့မှ လမ်းလျှောက်ဖြစ်တယ်...


ကြည်နူးမယ်မှမကြံသေးဘူး... ကျနော်နဲ့သိတဲ့ အစ်မတယောက်က.. သူ့ယောက်ျားနဲ့ဘယ်ကပြန်လာလဲ မသိပါဘူး... ကိုယ်ကိုယ်တိုင်ကလဲ... ချစ်သူနဲ့အတူဆိုတော့.. တလောကလုံးကို မေ့နေတာ... သူလာနေမှန်းတောင်မသိပါဘူး...

အနားရောက်လို့မျက်နှာချင်းဆိုင်မိမှ... "အောင်မလေး"...မအော်မိရုံတမယ်.. လန့်လိုက်တာ... လိပ်ပြာရေ.. ပလူး..ပလူး.. လို့တောင် ပြန်ခေါ်မိတော့မလို့...

အင်း.. ပြသနာတော့မရှိပါဘူး... ချစ်သူနဲ့ လက်တွဲပြီးလမ်းလျှောက်တာ.. ဘာဖြစ်မှာမို့လို့လဲ.. ဒီခေတ်ကြီးထဲမှာ... ကိုယ့်ကိုယ်ကိုယ်အားပေးပြီးတော့... နေပစ်လိုက်တယ်... ဒါပေမဲ့.. ကျနော့်ရဲ့ ပတ်ဝန်းကျင်မှာ... သူဘာတွေသွားပြောမလဲဆိုတာကိုတော့... နည်းနည်းတွေးဖြစ်ပြီးမှ... ဖြစ်သမျှရင်ဆိုင်မယ်ပေါ့...

ထင်တဲ့အတိုင်းပါဘဲ... မချောက... ကျနော့်ပတ်ဝန်းကျင်မှာ... ကျနော်တို့ကို ယိုသူမရှက်.. မြင်သူရှက်တယ်ဆိုပြီး... အလွန်အကျွံတွေပြောထားလိုက်တာ...ချစ်သူနဲ့လည်ရတဲ့ ၂ နာရီနဲ့တောင်မတန်အောင်... ကျနော်လိုက်ရှင်းလိုက်ရလေသတည်း...။

ဒီမှာဘဲ.. ကျေးဇူးပြုပြီး အဆုံးသတ်ခွင့်ပေးပါ... ကိုယ့်ကိုကြည်ဖြူတဲ့ ပတ်ဝန်းကျင်နဲ့.... စေတနာ့ဝန်ထမ်း.. သတင်းထောက်ရှိတဲ့.. ပတ်ဝန်းကျင်မှာ.. ကြုံရတဲ့ အခြေအနေလေးကို မျှဝေလိုက်တာပါ..။

စိတ်ဝင်စားရင်...

Thursday, May 29, 2008

ရှေ့ ဆက်လမ်း


ငါတို့နှစ်ယောက်ရဲ့အချစ်နဲ့.....
ပျော်ရွှင်မှုအပြည့်ရှိတဲ့
...အနာဂါတ်...။
အတူလက်တွဲပြီး....
တည်ဆောက်ဖို့...။
သွေးခွဲစကားတွေကို...
အဝေးမှာထား...။
ဝေးကွာမှုဆိုတာ...
ငါတို့နဲ့မသက်ဆိုင်သလို...
နေရအောင်..ချစ်သူရယ်။




စိတ်ဝင်စားရင်...

Thursday, May 22, 2008

တောင်းဆု


ငါ့ရဲ့အချစ်... မင်းအပေါ်..
ဖြူစင်မှု...ရိုးသားမှုနဲ့..
အခြေပြုခဲ့တာပါ...

ဤအချင်းအရာ...
တကယ်မှန်ခဲ့ပါလျှင်...

မင်းကြောင့်.. မျက်ရည်တစက်..
ငါကျခဲ့ရတယ်ဆိုရင်...
မျက်ရည်စက်ပေါင်းများစွာ...
မင်းဘ၀မှာ.. ကျပါစေ..

မင်းကြောင့်.. ကြေကွဲမှု...
ငါတသက်လုံး.. အဖော်ပြုသွားခဲ့ရတယ်ဆိုရင်..

ဘ၀ပေါင်းတသိန်း...
မင်း..ထပ်တူခံစားရပါစေ..

ချစ်သူနဲ့.. ကွေကွင်းရခြင်းဒုက္ခ...
ငါတစ်ခေါက်.. ခံစားခဲ့ရတယ်ဆိုရင်...

ငါ့ရဲ့..နာကျင်ကြေကွဲမှု..
မင်းကိုယ်ချင်းစာတတ်အောင်...

ငါ့ထက်ပိုပြီး..ခံစားရပါစေ..။

စိတ်ဝင်စားရင်...