
အေးချမ်းတဲ့ မြို့ လေးတစ်မြို့ မှာ
တစ်ဦးကိုတစ်ဦး
အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးရှိတယ်။
သူတို့ဟာ အမြဲမခွါ
တစ်တွဲတွဲပဲ နေ့တိုင်း
ပင်လယ်ဘေးကို သွားပြီး
နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။
သူတို့ကမြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။
ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာလဲလျောင်းနေရတယ်။
နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီးသူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။
အချိန်တွေ တဖြေးဖြေးကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင်
ခမ်းလုနီးနေပြီ။
ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေးလက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။
ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီးမျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။
ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက
တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။
"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။
မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့ ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။
သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့ ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။
ကောင်လေး ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။
ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။
ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း
ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ်
ထပျံလာခဲ့တယ်။
မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကိုသူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ
အရပ်တန့်ခံလိုက်ရတယ်။
လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊
သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လိုပျော်ရွှင်ချမ်းမြေ့နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကိုပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့
ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှမတတ်နိုင်ခဲ့ဘူး။
ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ
ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကိုအသက်ရှုကျပ်စေတယ်။
သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏသွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က
သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကိုလုံးဝ သတိမေ့သွားခဲ့ပြီလေ။
သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ
သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီးနမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေစီးကျလာခဲ့တယ်။
"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာကပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ
မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"
သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား..
(မှတ်ချက်။ ။ သူငယ်ချင်းတယောက် အီးမေးလ်မှ ပို့လာသော ဇာတ်လမ်းအား တင်ပြခြင်းဖြစ်ပါသည်)
Monday, September 15, 2008
ပုစဉ်းလေးတကောင်အကြောင်း
Posted by ရေတစက်ကြောင့် at 2:28 PM 0 comments
Labels: ၀တ္ထုတို
Tuesday, July 15, 2008
ချစ်သူနဲ့အတူ

ချစ်သူတွေစပြီးတော့ ဖြစ်ခဲ့ကြကတည်းကနဲ့...
အဆင်မပြေမှုတွေက....
တို့နှစ်ယောက်ရဲ့နောက်မှာ...
ထပ်ချပ်မကွာလိုက်ပါခဲ့တာ...
သတိထားခဲ့မိတယ်ဆိုပါတော့ ချစ်သူရယ်..
အခက်အခဲတွေကို အတူတူကျော်လွှားရင်းနဲ့...
တယောက်သောကကို.. တယောက်မမြင်အောင်...
ငါတို့ဟန်ဆောင်ဖုံးကွယ်ခဲ့ကြတယ်... ချစ်သူစိတ်ဆင်းရဲမှာ စိုးလို့ပေါ့...
မထင်မှတ်တဲ့ ပြသနာတွေ... တခုပြီးတခုလာတိုက်ခိုက်တဲ့အချိန်မှာ... ငါက အားလုံးကို မင်းနဲ့အတူရင်ဆိုင်... ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို ပြတ်ပြတ်သားသားအံတုဖို့ဆုံးဖြတ်လိုက်ချိန်မှာ... နင်ကတော့ နင့်အတွက်နဲ့.. ငါရင်ဆိုင်ရမဲ့ ထိခိုက်နစ်နာမှုတွေအတွက်... တိတ်တိတ်လေး အဝေးကိုထွက်ခွာသွားဖို့... ဆုံးဖြတ်လိုက်တယ်နော်...
...ချစ်သူရယ်.. အားလုံးအဆင်ပြေသွားမှာပါလို့...အသံငြိမ်ငြိမ်လေးနဲ့ နင်ပြောလာပေမဲ့.. ငါရင်ထဲမှာ တခုခုကို သိနေသလိုရှိခဲ့တယ်...
အဲဒီညမှာ... ငါတို့နှစ်ယောက်လုံး အရမ်းဝမ်းနည်းလွန်းပြီး.. စကားဆက်မပြောနိုင်ဘဲ...ဖုန်းချဖြစ်ခဲ့တယ်နော်...
...အဲဒီနောက် ငါခဏလေး အိပ်ပျော်နေချိန်မှာ.. နင်ငါ့ဆီကို ဖုန်းပြန်ဆက်ခဲ့တယ်.... နင်ငါ့ကို အိပ်နေလားလို့မေးပြီးတော့... ငါပေးထားတဲ့ ကျောက်စိမ်းပြားလေးးကို ပြန်မပေးတော့ဘူးနော်ဆိုပြီး.. ငါ့ကိုစသလိုလိုနဲ့နင်ပြောတယ်...
...ပြီးတော့.. ချစ်သူ..နောက်ဆိုရင် ကျန်းမာရေးကို ဂရုစိုက်ရမယ်နော်လို့ နင်ပြောလိုက်ချိန်မှာ... ငါသိနေသလိုရှိခဲ့တဲ့အရာ သေချာသွားသလို... ဒါမှမဟုတ်... တစုံတယောက်က ငါ့ကိုတိုက်တွန်းနေသလိုမျိုး...
..နင်ငါ့ကိုထားပြီး..တနေရာရာသွားဖို့..ပြင်နေတယ်မဟုတ်လားလို့.. ငါမေးမိတယ်နော်...
အဲဒီအချိန်မှာ.. တိတ်သွားတဲ့ နင့်အသံကြောင့် ငါ့အထင်တွေပိုပီပြင်လာတယ်... ငါတို့နှစ်ယောက် ဝေးကြတော့မယ်ဆိုတဲ့ ထိတ်လန့်မှုတွေနဲ့.. မသွားပါနဲ့လို့.. ငါနင့်ကို တောင်းဆိုမိတယ်... ကတိပေးဖို့လည်း ငါနင့်ကိုပြောမိတယ်...
ငါ့အပေါ်မလိမ်ချင်တဲ့နင်ကလည်း... အဲဒီကတိကိုတော့ နင်မပေးနိုင်ဘူးလို့ပြောတော့.. နင်တိတ်တိတ်လေး စီစဉ်ထားတဲ့အရာတွေကို ၀န်ခံခဲ့သလိုဖြစ်ခဲ့တယ်နော်...
အဲဒီအချိန်.. ငါဝမ်းနည်းလွန်းလို့ ငိုသံတွေကို... နင်တားဆီးနိုင်ဖို့အတွက်.. မငိုပါနဲ့ချစ်သူရယ်..ဆိုတာကလွဲပြီး.. ဘာမှမလုပ်နိုင်ခဲ့ဘူးလေ...
ငါအတန်တန်တောင်းပန်နေပေမဲ့.. ငါ့အတွက် အကောင်းဆုံးလို့ထင်ပြီး နင်ဆုံးဖြတ်ထားတာတွေကို.. နင်အရှုံးမပေးချင်လို့... နင်လည်း အလျော့မပေးခဲ့ဘူးမဟုတ်လား..
အဲဒီတော့.. ငါ့ငိုသံတွေရပ်ပြီး.. နင်သွားချင်ရင်သွားပါ... ဒါပေမဲ့.. နင်သွားပြီးနောက်ပိုင်းဆိုရင်.. ငါ့ကျန်းမာရေးလဲ ဂရုမစိုက်ဘူး.. ထမင်းလဲ ပုံမှန်မစားဘူး... ဗိုက်အောင့်တတ်တဲ့ ငါ့ကို ငရုပ်သီးတွေမစားဖို့တားတာကိုလဲ နားမထောင်တော့ဘူး.. .အလုပ်သွားရင် ကားလမ်းအကူးကို အမြဲစိတ်ပူတတ်တဲ့ နင့်ကို... လမ်းလဲ ကူးချင်သလိုကူးမယ်ဆိုပြီး.. ငါပြောတော့...
...အဲလိုမလုပ်ပါနဲ့ချစ်သူရယ်..ချစ်သူအတွက်ကောင်းပါစေဆိုပြီးဆုံးဖြတ်ပါတယ်ဆို... ချစ်သူတခုခုဖြစ်ရင်...ဘယ်လိုမှ ခံစားနိုင်မှာမဟုတ်ဘူးဆိုပြီးတော့...နင်ဝမ်းနည်းလို့.. ငိုခဲ့တယ်နော်...
အဲဒီအချိန်... ဒါဆိုရင်မသွားနဲ့လို့..ငါပြောတော့... နင်အကြာကြီးစဉ်းစားပြီးမှ...
..အင်း..မသွားတော့ဘူးဆိုပြီးတော့.. ငါ့ကိုပြန်ပြောခဲ့တယ်နော်...
အဲဒီအချိန်ကနေစပြီး.. ငါတို့နှစ်ယောက် အခက်အခဲမှန်သမျှရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ကြတယ်နော်..
...ချစ်သူရယ်..လောကမှာဖြစ်ချင်တာရှိရင် ကြိုးစားရင်ရပါတယ်... ဆုံဆည်းချင်ရင်လဲ... ဆုံးဆည်းအောင်ကြိုးစားမယ်လို့..ဆုံးဖြတ်ထားရင်.. အဆုံးသတ်မှာ.. ငါတို့နှစ်ယောက်အတူလက်တွဲရမှာပါ...။
Posted by ရေတစက်ကြောင့် at 11:30 AM 0 comments
Labels: ၀တ္ထုတို
Monday, April 21, 2008
ကျမဖွင့်ဆိုတဲ့ အချစ်အဓိပ္ပါယ်

ရူးသွပ်မှုတခုနဲ့  အသက်ရှင်နေတယ်လို့  ပြောနေသံတွေကို လေညှင်း ဂရုမစိုက်ပါဘူး။ ချစ်သူကို တမ်းတမျှော်လင့်နေတယ်ဆိုတာ ချစ်တတ်တဲ့သူတိုင်း ခံစားဖူးတဲ့ အရာဆိုတာကို သိနေတာဘဲ။ ပြောတဲ့လူတွေထဲကလည်း လေညှင်းလို ခံစားရတဲ့လူ မရှိဘူးလို့  ပြောနိုင်တာမှမဟုတ်တာ….
ညီညီရယ်…. ညီညီဆိုရင်ရော လေညှင်းကို အဲလိုဘဲပြောမှာလား…. လေညှင်းသိပါတယ်.. ညီညီကတော့ နင်နဲ့  ငါနဲ့  အရင်လိုဘဲ ပြန်နေကြရအောင်ဆိုတဲ့ စကားတွေကလွဲရင် လေညှင်းခံစားနေရတာတွေ အားလုံးကို လျှစ်လျှူရှုထားနိုင်တဲ့သူဘဲ…
ထားခဲ့တဲ့သူက မေ့နိုင်ပေမဲ့ မမေ့နိုင်တဲ့ လေညှင်းရဲ့ အပြစ်တွေပါဘဲ….
အားလုံးကို မေ့ပြစ်နိုင်ပြီလို့  လေညှင်းဘယ်လောက်ဘဲ ကြွေးကြော် ကြွေးကြော် အချိန်တွေကြာလာပေမဲ့ သူက လေညှင်းရဲ့ နှလုံးသားထဲမှာ ရှိနေဆဲဆိုတာ သိနေတဲ့အတွက် ငါးပါးသီလထဲက အနည်းဆုံး သီလတပါးကိုတော့ လေညှင်း အမြဲချိုးဖောက်ဖြစ်နေတယ်ဆိုတာ… ကိုယ့်ဘာကိုယ်ဘဲသိနေတယ်…..
အတူကျော်ဖြတ်ခဲ့ဖူးတဲ့ ပျော်စရာအချိန်တွေကို ပြန်တွေးရင်း ရူးနေခဲ့တာ အချိန်တွေတော်တော်လေးတောင် ကြာနေခဲ့ပြီ….
.. လေညှင်း… နင်အခုချိန်ထိ ညီညီ့ကို မျှော်လင့်နေတုန်းဘဲလား…
သူငယ်ချင်းတွေရဲ့ အမေးအတွက် လေညှင်းရဲ့ အဖြေက …. ငါသူ့ ကိုချစ်နေတုန်းဘဲ… ဒါပေမဲ့ အဲ့ဒီအချစ်က သူပြန်အလာကို မျှော်လင့်နေတဲ့ အချစ်မဟုတ်ဘူး… ငါသူ့ ကိုမမျှော်လင့်နေခဲ့ဘူး....
ဒီအချိန်မှာ လေညှင်းက အရင်လို ဆယ်ကျော်သက်မဟုတ်တော့ဘူးလေ…
…. လေ.. လေညှင်းမဟုတ်လား…
အသံကြားလို့  လှည့်ကြည့်လိုက်တော့ နည်းနည်းလေး အံ့သြတာကလွဲရင် လေညှင်း မတုန်လှုပ်၊ စိတ်မလှုပ်ရှားတော့ပါဘူး….
..အော်.. ညီညီပါလား… နေကောင်းတယ်နော်… နင်ဒီမှာဘာလာလုပ်တာလဲ…
.. အလုပ်နဲ့ ဆိုပါတော့… နင်ရော အခုဘာတွေလုပ်နေလဲ…
…. ငါလား လူမှုရေးလုပ်ငန်းတွေလုပ်နေတာ… နင်နဲ့ တောင် မတွေ့ တာကြာပြီနော်… အလုပ်အဆင်ပြေရဲ့လား…
… ဒီလိုပါဘဲဟာ… နင်ကတော့ အရင်အတိုင်းဘဲနော်.. ဘာမှမပြောင်းလဲဘူး..
.. နင်လည်း ဒီအတိုင်းပါဘဲ ညီညီရယ်…
ဒီလိုနဲ့  သူနဲ့  ပြန်တွေ့ ဖြစ်ခဲ့တယ်ဆိုပါတော့….. ။
သူ့ ဘက်က လေညှင်းကို စိတ်ဝင်စားမှုတွေ ပြန်ပြီးတော့ ပြလာတယ်… တကယ်ပါ လေညှင်းသူ့  ကို မမျှော်လင့်ခဲ့ပေမဲ့ တကယ်တမ်း သူ့ ဆီက ပြန်ပြီးတော့ ကမ်းလှမ်းလာတော့ သူ့ အတွက် အဖြေ လေညှင်းဆီမှာ အဆင်သင့်မရှိနေဘူး….
… လေညှင်းရယ်… တချိန်တုန်းက နင့်ကိုငါ နာကျင်စေခဲ့တာကို တောင်းပန်ပါတယ်.. တကယ်ဆိုရင် နင်ဟာ ငါ့အတွက် အလိုအပ်ဆုံးဆိုတာ အခုချိန်မှာ ငါပိုသိလာတယ်… ငါ့ကို ပြန်လက်ခံပေးပါ… နင့်ကိုငါ နောက်ထပ် မနာကျင်စေရပါဘူး… ငါကတိပေးပါတယ်…
သူပေးခဲ့တဲ့ ကတိတွေက ကျေနပ်စရာပါ… ချစ်သူဆီက အခုလို မေတ္တာရောင်ပြန်ဟပ်လာတော့ ပျော်ရွှင်ရမှာပေါ့….
လေညှင်းဆုံးဖြတ်ချက်တခုကို ချလိုက်တယ်….
… ညီညီ.. နင့်ရဲ့ စကားလုံးတွေက ငါ့အတွက် ကျေနပ်စရာပါ… နင်ပြောတဲ့ စကားတွေကိုလည်း ငါယုံကြည်ပါတယ်… ဘာဖြစ်လို့ လဲဆိုတော့ နင့်မျက်ဝန်းမှာ လေးနက်မှုတွေ ငါမြင်နေရလို့ ဘဲ…
… နင်ဘယ်တော့မှ ငါ့ဆီပြန်လာမယ်လို့ မမျှော်လင့်ခဲ့တဲ့အတွက် နင်ပြန်လာတဲ့အချိန်မှာ ငါအံ့သြမိတယ်… ငါလေ နင့်ကို တချိန်က သိပ်ချစ်ခဲ့တယ်… နင်နဲ့ လမ်းခွဲပြီးတဲ့အချိန်မှာလည်း ငါ အရမ်းခံစားခဲ့ရတာကို နင်သိရင်လည်းသိမှာပေါ့… အခု နင်ငါ့ဆီကို လေးနက်မှုတွေနဲ့  ပြန်လာတဲ့အတွက် ငါတကယ်ဝမ်းသာမိတယ်….
..... ဒါပေမဲ့ ငါနင့်ကို လက်မခံနိုင်တော့ဘူး… ဘာဖြစ်လို့ လည်းဆိုတော့ ငါ့နှလုံးသားက သေသွားခဲ့တာ နင်နဲ့ လမ်းခွဲပြီးတဲ့ အချိန်တည်းကဘဲ… နောက်ပြီး နင့်ကိုချစ်တဲ့ အချစ်လည်းဘဲ… ငါ့နှလုံးသားနဲ့ အတူ သေသွားခဲ့ပြီလေ…
ညီညီ… အဲဒီတုန်းက နင့်ကို ချစ်ခဲ့တဲ့အချစ်က တကြိမ်တခါတည်းဘဲ ဖြစ်ပေါ်တတ်တဲ့အချစ်မျိုးပါ… အခုချိန်မှာ အဲလိုအချစ်မျိုးကို ငါ့နှလုံးသားက နင့်အတွက် မပေးနိုင်တော့ဘူး….
…. အဲဒါကြောင့် နင့်အတွက် အချစ် ငါ့မှာမရှိတော့ဘူး.. နောက်တခုက ငါ့နှလုံးသားကို အဆိပ်သင့်စေခဲ့တဲ့ အရာတခုကို ငါဘယ်တော့မှ ထပ်ပြီးတော့ လက်ခံမှာ မဟုတ်ဘူး…
.. ဒီမှာ ညီညီ… ယုံကြည်မှုဆိုတာလည်း တခါတည်းဘဲရတယ်.. နင်ငါ့ကို သေချာသင်ပေးလိုက်တဲ့ သင်ခန်းစာတခုက လူဆိုတာ ကိုယ့်ကိုယ်ကိုယ်ထက် ပိုပြီးတော့ ဘယ်သူ့ ကိုမှ ပိုမချစ်ဘူး….
နောက်ပြီး.. နင့်ကိုချစ်မိလို့  နွမ်းနယ်နေတဲ့ ငါ့နှလုံးသားကို ငါအရမ်းသနားမိတယ်… နောက်တခါ သူ့ ကိုထပ်ပြီးတော့ ခံစားရအောင် ငါမလုပ်တော့ဘူး… ဒါတွေအားလုံးက.. နင်ငါ့ကို သင်ပေးခဲ့တာချည်းပါဘဲ.. ဒီလိုပြောရတဲ့အတွက် ငါစိတ်မကောင်းပါဘူး… နင်နဲ့ ငါနဲ့  အမြဲတမ်း သူငယ်ချင်းတွေပါဘဲ…
ဒီတခါလည်း.. သူနဲ့  လေညှင်း လမ်းခွဲခဲ့ရပြန်ပါပြီ… ဒါပေမဲ့ အရင်တုန်းကလို လေညှင်း မငိုတော့ပါဘူး.. မခံစားရတော့ပါဘူး… လေညှင်း သူ့ ကိုချစ်ပါတယ်.. ဒါပေမဲ့ အချစ်မှာ ရယူပိုင်ဆိုင်လိုမှုမရှိတဲ့ အချစ်မျိုးလည်း ရှိတယ်ဆိုတာ လက်ခံတယ်ဆိုရင် လေညှင်းကို နားလည်နိုင်ကြမှာပါ…..
Posted by ရေတစက်ကြောင့် at 1:40 PM 0 comments
Labels: ၀တ္ထုတို
Friday, April 4, 2008
စကားချိုတွေရဲ့နောက်မှာ....

အနားမှာ လာကပ်ပြီး တတွတ်တွတ်ပြောနေတဲ့ သူကြောင့် လုံးဝမပတ်သက်တော့ဘူးလို့တင်းထားတဲ့ ဆည်းဆာရဲ့ စိတ်တွေ တဖြည်းဖြည်း အားနည်းလာတယ်…
နောက်ဆုံးတော့ သူ့ ရဲ့အနမ်းတွေနဲ့ ချစ်ခွန်းသီမှုတွေအောက် .. နာကျင်ရှုပ်ထွေးလှတဲ့ ဇာတ်လမ်းတပုဒ်မှာ ဆည်းဆာ ကမှန်းမသိ.. ကနေလျက်သားဖြစ်လာတယ်…
ချစ်သူဖြစ်ပြီးနောက်တနေ့မှာ လန်းလန်းဆန်းဆန်းဘဲ ဆည်းဆာ အိပ်ယာကနေ နိုးလာတယ်…
ချစ်သူဖြစ်ပြီဆိုမှတော့ မျက်လုံးပွင့်ပွင့်ချင်း မြင်ချင်နေတာက ကိုယ့်ချစ်သူမျက်နှာလေးဘဲလေ… ဆည်းဆာ ရေမိုးချိုး၊ သန့်ရှင်းပြီးတာနဲ့ ချစ်သူအလာကို ဘယ်သူမှ မရိပ်မိအောင် တိတ်တိတ်ကလေး မျှော်နေမိတယ်…
အဲဒီအချိန်မှာ သူငယ်ချင်းတယောက်ရဲ့ ဖုန်းပြောသံကို အမှတ်မထင်ကြားလိုက်ရတယ်…
… ကြည့်စမ်း မိန်းမ… နင့်မှာရည်းစားရှိတာကို လျှိုထားတယ်… ရည်းစားဖြစ်တာကြာပြီလား…. နာမည်ဘယ်လိုခေါ်လဲ.. အော်.. ကိုဖြိုးလား.. ဟ.. သူကငါ့သူငယ်ချင်းဘဲလေ…
ဆည်းဆာ မျက်လုံးတွေ ပြာသွားတယ်.. တော်သေးတာပေါ့.. သူငယ်ချင်းတွေက သူတို့အလုပ်နဲ့ သူတို့ရှုပ်နေကြလို့….
ဖုန်းပြောပြီးတော့ သူငယ်ချင်းက ဆည်းဆာကို… ဟဲ့.. ဆည်းဆာ.. ကိုဖြိုးကြီးက ရည်းစားရတာတောင် ငါတို့ကို မပြောပြဘူး.. နင်သိလား.. သူ့ ကောင်မလေးက ငါနဲ့သိတယ်.. အရမ်းချစ်စရာကောင်းတာဘဲ…
ဆည်းဆာ ရင်ထဲမှာ ကျင်လာတယ်… ဖြစ်နိုင်ရင် သူငယ်ချင်းအရှေ့ကနေပြီးတော့ ထွက်ပြေးသွားလိုက်ချင်တယ်…..
…. ဆည်းဆာကို ဘာလို့လှည့်စားချင်ရတာလဲကိုဖြိုးရယ်…. ဘာအငြှိုးတွေနဲ့ နာကျင်စေချင်တာလဲ…
ကိုဖြိုးနဲ့ချစ်သူတွေဖြစ်ကြတာ.. သူငယ်ချင်းကိုလည်း မပြောရဲတဲ့ ဆည်းဆာကတော့ ဟန်မပျက်.. ဟုတ်လား.. လို့ဘဲ ပြန်မေးရတော့တာပေါ့… သူတို့တွေသာသိရင် ဆည်းဆာကို အရမ်းစိတ်ဆိုးကြမှာ ဆည်းဆာသိတယ်… ဘာဖြစ်လို့လည်းဆိုတော့ ကိုဖြိုးလို အရမ်းချစ်သူများတဲ့လူနဲ့ ဆည်းဆာကို သူတို့က အရင်ကတည်းကနဲ့ သဘောတူကြတာမဟုတ်ဘူး… အပေါင်းအသင်းအဖြစ်နဲ့သာ ပေါင်းနေပေမဲ့.. ကိုဖြိုး ဆည်းဆာကို စပြီးတော့ စိတ်ဝင်စားကတည်းကနဲ့ သူတို့က အရင်ကန့်ကွက်ကြတာ….
အဲဒီအချိန်မှာဘဲ ကိုဖြိုးရောက်လာလို့ အားလုံးဘဲ မသိချင်ယောင်ဆောင်ပြီး ထွေရာလေးပါး နောက်ကြတယ်.. အဲဒီအထဲမှာ ကိုဖြိုးရဲ့ ကောင်မလေးအကြောင်းတော့ လုံးဝမပါဘူး… ဆည်းဆာကသာ ဘာမှဝင်မပြောဘဲနဲ့ တည်တည်လေးဘဲ နေနေလိုက်တယ်….
သူငယ်ချင်းတွေ အပြင်ထွက်တဲ့လူထွက်.. အခန်းထဲမှာ အလုပ်ရှုပ်တဲ့လူ ရှုပ်နေချိန်မှာ သူက ဆည်းဆာနားကို လာပြီးတော့ အနမ်းတချက်နဲ့…
…ဆည်းဆာ.. ဘာဖြစ်နေတာလဲ.. ကိုယ့်ကိုဘာစိတ်ကောက်နေတာလဲ ချစ်သူလေးရဲ့…
..သွားပါ.. ကိုဖြိုးရဲ့ ချစ်သူ မြတ်မွန်ဆီကို သွားပါ.. ဆည်းဆာနားကို မလာပါနဲ့..
အော်.. ဆည်းဆာက သူနဲ့ပတ်သက်ပြီးတော့ ကိုယ့်ကို စိတ်ကောက်နေတာလား… ချစ်သူလေးကလည်းကွာ… ကိုယ်က အနားမှာရှိတဲ့.. ဟောဒီကအရမ်းချစ်စရာကောင်းတဲ့ ဆည်းဆာလေး တယောက်တည်းကိုဘဲ စိတ်ထဲမှာ ရှိတာပါ.. သူက အဝေးကြီးမှာ.. နောက်တော့ သူ့ ဟာသူပြီးသွားလိမ့်မယ်…
ဆည်းဆာ.. သူ့ ကိုအကြောင်သားကြည့်နေမိတယ်.. ရည်းစားတယောက်ကို အဲဒီလောက် လွယ်လွယ်ထားတတ်တဲ့ သူ့ ကိုလည်း အံ့သြနေမိတယ်….
… ကိုဖြိုး ဘယ်လိုပြောလိုက်တာလဲ.. တဖက်မိန်းကလေးရဲ့ အချစ်ကို နည်းနည်းပါးပါး တန်ဖိုးထားပါဦး…
ဟာ.. ဆည်းဆာကလည်း သူက ကိုယ်နဲ့ အဝေးကြီးမှာ.. သူဘာလုပ်နေလဲကိုယ်မသိရ.. မြင်လဲမမြင်ရ.. ဒါတွေထားလိုက်ပါကွာ.. အခု ဆည်းဆာနဲ့ကိုယ် အနားမှာ အတူရှိနေတုန်း.. စိတ်ချမ်းချမ်းသာသာနဲ့ နေရအောင်ကွာ…
ဘယ်လိုမှမဖြစ်နိုင်ပါဘူး…. ဆည်းဆာရင်ထဲမှာ ပြောမပြတတ်အောင် ၀မ်းနည်းလာတယ်…
ဆည်းဆာ တန်ဖိုးထား ချစ်တဲ့သူက အချစ်ကို လုံးဝမှ တန်ဖိုးမထားတတ်တဲ့သူ ဖြစ်နေပါပေါ့လား…
ဆည်းဆာစိတ်ထဲမှာ သှူ့ ကို လေးလေးနက်နက် ထားလို့ မဖြစ်တော့ဘူး… တချိန်မှာ သူ.. ဆည်းဆာကို ထားခဲ့ရင်ဖြစ်ဖြစ်.. ဆည်းဆာက သူ့ ကို လက်မခံနိုင်တော့လို့ ထားခဲ့ရင်ဖြစ် ဖြစ် သူနဲ့ ပတ်သက်တဲ့ ခံစားမှုတွေ ဆည်းဆာသယ်သွားလို့ မဖြစ်ဘူး..
တကယ်ဆို.. ဆည်းဆာက အချစ်ကို ကိုးကွယ်သူပါ… အားနည်းချက်ဆိုတာသိနေပေမဲ့… အလိုလိုနေရင်း အားငယ်တတ်၊ အားနာတတ်တော့ ဆည်းဆာ ဘယ်လိုမှ လုပ်လို့မရဘူး…
ဘာဘဲဖြစ်ဖြစ် ဒီဇာတ်လမ်း အဆုံးသတ်က ဘယ်လိုမှ မလှပနိုင်ဘူးဆိုတာ ဆည်းဆာ တထိုင်တည်းမှာဘဲ သိလိုက်တယ်…
သူပေးတဲ့အနမ်းတွေနဲ့ စကားလုံးလှလှလေးတွေလည်း ဆည်းဆာအတွက် မချိုတော့ဘူး.. အပွေ့ အဖက်တွေလည်း ရင်ခုန်စရာမကောင်းတော့ဘူး… ဘာမှထုတ်မမေးပေမဲ့.. သူ့ ကို သတိအနေအထားနဲ့ဘဲ ဆက်ဆံနေခဲ့တယ်… ဆည်းဆာ.. ဝေဒနာတပွေ့ တပိုက်ကြီး မပိုင်ဆိုင်ချင်ဘူး..
သူကတော့ ဆည်းဆာကို တွေ့ ရင်ကြင်နာတယ်.. မတွေ့ ရင်လည်း စာထဲမှာ အရမ်းလွမ်းတယ်၊ သတိရတယ်ဆိုတာတွေကို ပြောလေ့ရှိတယ်....
… တချိန်ကဆည်းဆာတိတ်တဆိတ်ချခဲ့တဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့.. အဲဒါက.. တဖက်လူက ဘာမှမသိလို့ သူ့ အချစ်ကို ယုံကြည်နေတာ.. သူ့ ကိုဆက်ပြီးတော့ လက်ခံနေတာ အပြစ်မရှိဘူး… ဆည်းဆာက အားလုံးကို သိနေရဲ့သားနဲ့ သူ့ ကိုဆက်ပြီး တော့ လက်ခံနေတယ်ဆိုရင် ဆည်းဆာလောက် မိုက်တဲ့လူရှိတော့မှာ မဟုတ်ဘူး… အဲဒီတော့… ဆည်းဆာ သူနဲ့ဇာတ်လမ်းကို ရပ်မှဖြစ်တော့မယ်….
အခုတော့… ဆည်းဆာ သူနဲ့ အဝေးဆုံးမှာရှိနေတယ်… အချစ်ကိုတန်ဖိုးမထားသူတွေရဲ့ ထုံးစံအတိုင်း သူကတော့ အသစ်အသစ်လေးတွေနဲ့ပေါ့… ဆည်းဆာကလည်း သူနဲ့ပတ်သက်တာတွေအားလုံးကို မေ့ပြီး ဘ၀အတွက် အချိန်ကို တန်ဖိုးရှိရှိအသုံးချပြီး.. ပူပြင်းတောက်လောင်တဲ့ သူ့ အချစ်နဲ့ဝေးတဲ့ အေးချမ်းတဲ့ ကျေးလက်မှာ အပြစ်ကင်းတဲ့ ကလေးငယ်တွေနဲ့ ပျော်လျှက်….
Posted by ရေတစက်ကြောင့် at 11:38 AM 1 comments
Labels: ၀တ္ထုတို