အ၀ါရောင်ဖဲကြိုးလေးကို ကိုင်ပြီး ကပ်ကြေးနဲ့တိခနဲ့ညှပ်ချလိုက်အပြီးမှာတော့ အတွေးတစက ပြီးခဲ့တဲ့ အတိတ်တွေဆီကို တရွေ့ရွေ့….
ဆယ်စုနှစ်တခုကျော်လောက် အထိန်းသိမ်းခံခဲ့ရပေမဲ့ ချစ်ခင်လေးစားရတဲ့ ပြည်သူတွေကတော့ မွေးနေ့ရှင်မရှိပေမဲ့လဲ…. ပုံမှန်မွေးနေ့ပွဲလုပ်ပေးခဲ့ကြတယ်။ အ၀ါရောင်သင်္ကေတလေးတွေ ဖန်ဆင်းခဲ့တယ်… သူမကိုထောက်ခံတဲ့အနေနဲ့ပေါ့။……
လုပ်ခဲ့တဲ့မွေးနေ့တော်တော်များများမှာလဲ… မပျင်းမရိ..မငြီးမငွေ့ လွတ်မြောက်ပါစေ ဆုတောင်းပေးနေခဲ့ကြတာလဲ အကြိမ်ပေါင်းမနည်းတော့…..
မွေးနေ့တခုတည်းမှာတင်မက… အခါအခွင့်သင့်ရင် သင့်သလို ပြောပြီးသားကို အကြိမ်ကြိမ်အခါခါ ပြန်ပြောမိနေတာကလဲ လွှတ်ပေးပါ… လွတ်မြောက်ပါစေ ဆိုတဲ့ စကားလုံးတွေပါဘဲ…..
ဒီအချိန်ဆိုရင်…အထူးသဖြင့် ဒီလိုအချိန်..ဒီလိုရက်တွေဆိုရင်… ပတ်ဝန်းကျင်မှာ အင်္ကျီအ၀ါ၊ မိုးပျံဘောလုံးအ၀ါ၊ ခေါင်းစည်းအ၀ါ၊ ရင်ထိုးအ၀ါ စတဲ့ အ၀ါရောင်သင်္ကေတလေးတွေကို တွေ့ရစမြဲ…. ဘာဖြစ်လို့လဲဆိုတော့
မြန်မာနိုင်ငံသားအများစုက လေးစားရပြီး (စစ်အုပ်စုတွေမပါလို့ အားလုံးလို့မထည့်တာပါ၊)လူထုခေါင်းဆောင်လို့ အသိအမှတ်ပြုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် (အန်တီစု) ရဲ့ (၆၄) နှစ်မြောက်မွေးနေ့ရောက်တော့မှာမို့လို့ပေါ့….
အခုဆိုရင် နောက်ထပ်မွေးနေ့တခုကို မွေးနေ့ရှင်မရှိဘဲ လုပ်ရဦးမှာလား….. ပြောပြီးရင်း ပြောနေ.. တောင်းဆိုပြီးရင်းတောင်းဆိုနေရတဲ့ လွှတ်ပေးပါ ဆိုတဲ့စကားတွေကိုဘဲ ထပ်ပြောနေရဦးမှာလား….
အမြဲတမ်းမပျက်မကွက် ဆုတောင်းနေရတဲ့ တခုတည်းသော တောင်းဆုဖြစ်တဲ့ အမြန်ဆုံးလွတ်မြောက်ပါစေကိုဘဲ ပြန်ဆုတောင်းနေရဦးမှာလား…..
မေးခွန်းပေါင်းများစွာနဲ့ ဖဲကြိုးဝါလေးကို ခွေထည့်လိုက်တယ်……
လူထုတွေရဲ့တောင်းဆိုသံတွေ ဒီလောက်ညံတဲ့ကြားထဲကနေ…. စစ်အစိုးရက အားလုံးကို မျက်ကွယ်ပြုပြီး ကျမတို့လေးစားရတဲ့ အန်တီစုကို အကောက်ကြံ၊ ဥာဏ်ထပ်ဆင်ပြီး လုပ်ချလိုက်တဲ့ပုံက…. လွတ်ရက်စေ့တာတောင်မှ စည်းကမ်းချိုးဖောက်တယ်ဆိုပြီး…. ဆက် ထိန်းသိမ်းထားဖို့အတွက် ဥပဒေအသစ်တွေထုတ် အပြစ်ဒဏ်ဆက်ပေးနိုင်အောင် တရားစွဲနေတယ်…..
တချိန်တည်းမှာဘဲ…. မဟုတ်တရုတ်လုပ်ပြီး အန်တီစုနဲ့ Mr. Yettaw ဓါတ်ပုံကိုကပ်.. လမ်းလယ်ခေါင်မှာ ချပြီး အန်တီစု သိက္ခာကျအောင်ွလုပ်နေတယ်….
ဒါဟာ အန်တီစုတယောက်တည်းကို မကောင်းကြံတာမဟုတ်ဘဲ…. တနိုင်ငံလုံးမှာရှိတဲ့လူထုတွေကိုပါ စော်ကားလိုက်တာဖြစ်တယ်…..
တကယ်ဆို ”အစိုးရ” ဆိုတဲ့စကားလုံးက ပြည်သူတွေ အသိအမှတ်ပြုမှဖြစ်တာ… ပြည်သူတွေက.. ကိုယ်တွေကို ကိုယ်စားပြုနိုင်မယ့်လူတွေကိုရွေးပြီး ကိုယ်စားပြုခိုင်းမှ တရားဝင်အစိုးရလို့ခေါ်တာ…
အခုတော့ ကျမတို့ ပြည်သူတွေကလဲ မရွေးချယ်ထားဘဲ… ကိုယ့်ဘာသာကိုယ် ကုတ်ကပ်တက်လာတဲ့ ဒီလိုယုတ်မာပက်စက်တဲ့ စစ်အာဏာရှင်ကို ကျမတို့အားလုံးက အစိုးရလို့ သူတို့ကိုယ်သူတို့ခေါ်တာကို.. ခေါ်ခွင့်ပြုမှာလား….
စဉ်းစားရင် သည်းခံစိတ်တွေ ကုန်ခမ်းချင်လာတယ်… စွန့်ခွာခဲ့တဲ့ ကိုယ့်ရဲ့ နိုင်ငံ.. မွေးရပ်မြေကို ပြန်ပြီး အေးအေးချမ်းချမ်းနေချင်တဲ့စိတ်တွေ ပြင်းပြလာလေလေ… စစ်အာဏာရူးတွေကို အမျက်ထွက်လာလေလေ…. အန်တီစုက ကျမတို့နိုင်ငံကို အေးချမ်းဖွံ့ဖြိုးတဲ့ နိုင်ငံဖြစ်လာအောင် ဦးဆောင်ပေးနိုင်စွမ်းရှိသူလို့ ပိုယုံကြည်လာလေလေ…
ယုံကြည်ချက်တွေကို လက်တွေ့ခံစားလိုတဲ့စိတ်နဲ့ ပြင်းပြတဲ့စိတ်.. ယုံကြည်တဲ့စိတ်၊ အာဏာရူးတွေအပေါ်ထွက်တဲ့အမျက်တွေပေါင်းပြီး ခွေထားတဲ့ ဖဲကြိုးဝါလေးကို…ခပ်ကြမ်းကြမ်းလေး ချိတ်နဲ့ ချိတ်တွယ်လိုက်တယ်…..
ခံစားချက်ပေါင်းစုံနဲ့အ၀ါရောင်ဖဲကြိုးရင်ထိုးလေးတွေဖြစ်လာတယ်…
ဒါတွေက… အန်တီစုမလွတ်မချင်း… အသုံးပြုရမဲ့သင်္ကေတ… လူထုတရပ်လုံးရဲ့ သဘောထားကို အာဏာရှင်တွေ ငြင်းပယ်လို့မရတော့တဲ့တနေ့အထိ… ကျမတို့ လှုပ်ရှားရမဲ့ အ၀ါရောင် ကမ်ပိန်း တခုဆိုတာကို သိလိုက်တယ်….
ဒီအ၀ါရောင်ရင်ထိုးလေးကို အေးချမ်းပြီးတဲ့ နိုင်ငံမှာနေပြီး ပြုံးရွှင်နေတဲ့ အန်တီစုရဲ့ အင်္ကျီပေါ်မှာ ကျမတို့နိုင်ငံအေးချမ်းတဲ့တနေ့ ဒီလိုအချိန်မျိုးမှာ တပ်ပေးချင်လိုက်တာ…..
ဒါတွေတကယ်ဖြစ်လာဖို့အတွက် လက်တွေ့အခြေအနေအရ ရလာတဲ့ အ၀ါရောင်ဖဲကြိုးရင်ထိုးလေးတွေကိုယူပြီး… မွေးရပ်မြေပြန်ချင်တဲ့ မျှော်လင့်ချက်လေးတွေနဲ့ ရုန်းကန်နေတဲ့ မြန်မာနိုင်ငံသားတွေကို ကျမတို့အတူတူဆုတောင်းကြရအောင်လို့ အ၀ါရောင် ကမ်ပိန်းလုပ်ရခြင်းအကြောင်းအရင်းလေးတွေရှင်းပြပြီး အ၀ါရောင်ဖဲကြိုးရင်ထိုးလေးတွေကို လိုက်ပြီး ဝေငှနေမိတယ်… ကျမကိုယ်တိုင်လည်း အ၀ါရောင်ရင်ထိုးလေးတပ်လို့ပေါ့….
Thursday, June 11, 2009
အတူဝိုင်းဆုတောင်းရအောင်
Posted by ရေတစက်ကြောင့် at 7:16 PM 0 comments
Labels: ဆောင်းပါး
Subscribe to:
Posts (Atom)