Friday, April 4, 2008

စကားချိုတွေရဲ့နောက်မှာ....


အနားမှာ လာကပ်ပြီး တတွတ်တွတ်ပြောနေတဲ့ သူကြောင့် လုံးဝမပတ်သက်တော့ဘူးလို့တင်းထားတဲ့ ဆည်းဆာရဲ့ စိတ်တွေ တဖြည်းဖြည်း အားနည်းလာတယ်…

နောက်ဆုံးတော့ သူ့ ရဲ့အနမ်းတွေနဲ့ ချစ်ခွန်းသီမှုတွေအောက် .. နာကျင်ရှုပ်ထွေးလှတဲ့ ဇာတ်လမ်းတပုဒ်မှာ ဆည်းဆာ ကမှန်းမသိ.. ကနေလျက်သားဖြစ်လာတယ်…

ချစ်သူဖြစ်ပြီးနောက်တနေ့မှာ လန်းလန်းဆန်းဆန်းဘဲ ဆည်းဆာ အိပ်ယာကနေ နိုးလာတယ်…

ချစ်သူဖြစ်ပြီဆိုမှတော့ မျက်လုံးပွင့်ပွင့်ချင်း မြင်ချင်နေတာက ကိုယ့်ချစ်သူမျက်နှာလေးဘဲလေ… ဆည်းဆာ ရေမိုးချိုး၊ သန့်ရှင်းပြီးတာနဲ့ ချစ်သူအလာကို ဘယ်သူမှ မရိပ်မိအောင် တိတ်တိတ်ကလေး မျှော်နေမိတယ်…

အဲဒီအချိန်မှာ သူငယ်ချင်းတယောက်ရဲ့ ဖုန်းပြောသံကို အမှတ်မထင်ကြားလိုက်ရတယ်…





… ကြည့်စမ်း မိန်းမ… နင့်မှာရည်းစားရှိတာကို လျှိုထားတယ်… ရည်းစားဖြစ်တာကြာပြီလား…. နာမည်ဘယ်လိုခေါ်လဲ.. အော်.. ကိုဖြိုးလား.. ဟ.. သူကငါ့သူငယ်ချင်းဘဲလေ…

ဆည်းဆာ မျက်လုံးတွေ ပြာသွားတယ်.. တော်သေးတာပေါ့.. သူငယ်ချင်းတွေက သူတို့အလုပ်နဲ့ သူတို့ရှုပ်နေကြလို့….

ဖုန်းပြောပြီးတော့ သူငယ်ချင်းက ဆည်းဆာကို… ဟဲ့.. ဆည်းဆာ.. ကိုဖြိုးကြီးက ရည်းစားရတာတောင် ငါတို့ကို မပြောပြဘူး.. နင်သိလား.. သူ့ ကောင်မလေးက ငါနဲ့သိတယ်.. အရမ်းချစ်စရာကောင်းတာဘဲ…

ဆည်းဆာ ရင်ထဲမှာ ကျင်လာတယ်… ဖြစ်နိုင်ရင် သူငယ်ချင်းအရှေ့ကနေပြီးတော့ ထွက်ပြေးသွားလိုက်ချင်တယ်…..

…. ဆည်းဆာကို ဘာလို့လှည့်စားချင်ရတာလဲကိုဖြိုးရယ်…. ဘာအငြှိုးတွေနဲ့ နာကျင်စေချင်တာလဲ…

ကိုဖြိုးနဲ့ချစ်သူတွေဖြစ်ကြတာ.. သူငယ်ချင်းကိုလည်း မပြောရဲတဲ့ ဆည်းဆာကတော့ ဟန်မပျက်.. ဟုတ်လား.. လို့ဘဲ ပြန်မေးရတော့တာပေါ့… သူတို့တွေသာသိရင် ဆည်းဆာကို အရမ်းစိတ်ဆိုးကြမှာ ဆည်းဆာသိတယ်… ဘာဖြစ်လို့လည်းဆိုတော့ ကိုဖြိုးလို အရမ်းချစ်သူများတဲ့လူနဲ့ ဆည်းဆာကို သူတို့က အရင်ကတည်းကနဲ့ သဘောတူကြတာမဟုတ်ဘူး… အပေါင်းအသင်းအဖြစ်နဲ့သာ ပေါင်းနေပေမဲ့.. ကိုဖြိုး ဆည်းဆာကို စပြီးတော့ စိတ်ဝင်စားကတည်းကနဲ့ သူတို့က အရင်ကန့်ကွက်ကြတာ….

အဲဒီအချိန်မှာဘဲ ကိုဖြိုးရောက်လာလို့ အားလုံးဘဲ မသိချင်ယောင်ဆောင်ပြီး ထွေရာလေးပါး နောက်ကြတယ်.. အဲဒီအထဲမှာ ကိုဖြိုးရဲ့ ကောင်မလေးအကြောင်းတော့ လုံးဝမပါဘူး… ဆည်းဆာကသာ ဘာမှဝင်မပြောဘဲနဲ့ တည်တည်လေးဘဲ နေနေလိုက်တယ်….

သူငယ်ချင်းတွေ အပြင်ထွက်တဲ့လူထွက်.. အခန်းထဲမှာ အလုပ်ရှုပ်တဲ့လူ ရှုပ်နေချိန်မှာ သူက ဆည်းဆာနားကို လာပြီးတော့ အနမ်းတချက်နဲ့…

…ဆည်းဆာ.. ဘာဖြစ်နေတာလဲ.. ကိုယ့်ကိုဘာစိတ်ကောက်နေတာလဲ ချစ်သူလေးရဲ့…

..သွားပါ.. ကိုဖြိုးရဲ့ ချစ်သူ မြတ်မွန်ဆီကို သွားပါ.. ဆည်းဆာနားကို မလာပါနဲ့..

အော်.. ဆည်းဆာက သူနဲ့ပတ်သက်ပြီးတော့ ကိုယ့်ကို စိတ်ကောက်နေတာလား… ချစ်သူလေးကလည်းကွာ… ကိုယ်က အနားမှာရှိတဲ့.. ဟောဒီကအရမ်းချစ်စရာကောင်းတဲ့ ဆည်းဆာလေး တယောက်တည်းကိုဘဲ စိတ်ထဲမှာ ရှိတာပါ.. သူက အဝေးကြီးမှာ.. နောက်တော့ သူ့ ဟာသူပြီးသွားလိမ့်မယ်…

ဆည်းဆာ.. သူ့ ကိုအကြောင်သားကြည့်နေမိတယ်.. ရည်းစားတယောက်ကို အဲဒီလောက် လွယ်လွယ်ထားတတ်တဲ့ သူ့ ကိုလည်း အံ့သြနေမိတယ်….

… ကိုဖြိုး ဘယ်လိုပြောလိုက်တာလဲ.. တဖက်မိန်းကလေးရဲ့ အချစ်ကို နည်းနည်းပါးပါး တန်ဖိုးထားပါဦး…

ဟာ.. ဆည်းဆာကလည်း သူက ကိုယ်နဲ့ အဝေးကြီးမှာ.. သူဘာလုပ်နေလဲကိုယ်မသိရ.. မြင်လဲမမြင်ရ.. ဒါတွေထားလိုက်ပါကွာ.. အခု ဆည်းဆာနဲ့ကိုယ် အနားမှာ အတူရှိနေတုန်း.. စိတ်ချမ်းချမ်းသာသာနဲ့ နေရအောင်ကွာ…

ဘယ်လိုမှမဖြစ်နိုင်ပါဘူး…. ဆည်းဆာရင်ထဲမှာ ပြောမပြတတ်အောင် ၀မ်းနည်းလာတယ်…

ဆည်းဆာ တန်ဖိုးထား ချစ်တဲ့သူက အချစ်ကို လုံးဝမှ တန်ဖိုးမထားတတ်တဲ့သူ ဖြစ်နေပါပေါ့လား…

ဆည်းဆာစိတ်ထဲမှာ သှူ့ ကို လေးလေးနက်နက် ထားလို့ မဖြစ်တော့ဘူး… တချိန်မှာ သူ.. ဆည်းဆာကို ထားခဲ့ရင်ဖြစ်ဖြစ်.. ဆည်းဆာက သူ့ ကို လက်မခံနိုင်တော့လို့ ထားခဲ့ရင်ဖြစ် ဖြစ် သူနဲ့ ပတ်သက်တဲ့ ခံစားမှုတွေ ဆည်းဆာသယ်သွားလို့ မဖြစ်ဘူး..

တကယ်ဆို.. ဆည်းဆာက အချစ်ကို ကိုးကွယ်သူပါ… အားနည်းချက်ဆိုတာသိနေပေမဲ့… အလိုလိုနေရင်း အားငယ်တတ်၊ အားနာတတ်တော့ ဆည်းဆာ ဘယ်လိုမှ လုပ်လို့မရဘူး…

ဘာဘဲဖြစ်ဖြစ် ဒီဇာတ်လမ်း အဆုံးသတ်က ဘယ်လိုမှ မလှပနိုင်ဘူးဆိုတာ ဆည်းဆာ တထိုင်တည်းမှာဘဲ သိလိုက်တယ်…

သူပေးတဲ့အနမ်းတွေနဲ့ စကားလုံးလှလှလေးတွေလည်း ဆည်းဆာအတွက် မချိုတော့ဘူး.. အပွေ့ အဖက်တွေလည်း ရင်ခုန်စရာမကောင်းတော့ဘူး… ဘာမှထုတ်မမေးပေမဲ့.. သူ့ ကို သတိအနေအထားနဲ့ဘဲ ဆက်ဆံနေခဲ့တယ်… ဆည်းဆာ.. ဝေဒနာတပွေ့ တပိုက်ကြီး မပိုင်ဆိုင်ချင်ဘူး..

သူကတော့ ဆည်းဆာကို တွေ့ ရင်ကြင်နာတယ်.. မတွေ့ ရင်လည်း စာထဲမှာ အရမ်းလွမ်းတယ်၊ သတိရတယ်ဆိုတာတွေကို ပြောလေ့ရှိတယ်....

… တချိန်ကဆည်းဆာတိတ်တဆိတ်ချခဲ့တဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့.. အဲဒါက.. တဖက်လူက ဘာမှမသိလို့ သူ့ အချစ်ကို ယုံကြည်နေတာ.. သူ့ ကိုဆက်ပြီးတော့ လက်ခံနေတာ အပြစ်မရှိဘူး… ဆည်းဆာက အားလုံးကို သိနေရဲ့သားနဲ့ သူ့ ကိုဆက်ပြီး တော့ လက်ခံနေတယ်ဆိုရင် ဆည်းဆာလောက် မိုက်တဲ့လူရှိတော့မှာ မဟုတ်ဘူး… အဲဒီတော့… ဆည်းဆာ သူနဲ့ဇာတ်လမ်းကို ရပ်မှဖြစ်တော့မယ်….

အခုတော့… ဆည်းဆာ သူနဲ့ အဝေးဆုံးမှာရှိနေတယ်… အချစ်ကိုတန်ဖိုးမထားသူတွေရဲ့ ထုံးစံအတိုင်း သူကတော့ အသစ်အသစ်လေးတွေနဲ့ပေါ့… ဆည်းဆာကလည်း သူနဲ့ပတ်သက်တာတွေအားလုံးကို မေ့ပြီး ဘ၀အတွက် အချိန်ကို တန်ဖိုးရှိရှိအသုံးချပြီး.. ပူပြင်းတောက်လောင်တဲ့ သူ့ အချစ်နဲ့ဝေးတဲ့ အေးချမ်းတဲ့ ကျေးလက်မှာ အပြစ်ကင်းတဲ့ ကလေးငယ်တွေနဲ့ ပျော်လျှက်….


1 comments:

မာန်လှိုင်းငယ် said...

စကားလုံးတွေကတော့ တကယ့်ကို သိပ်သည်းပါတယ်ဗျာ။ ၀င်ရောက်ဖတ်တွေဆီမှာ တခုခုတော့ ကျန်နေပါတယ်ဗျာ။ အားပေးလျက်ပါ ....