အေးချမ်းတဲ့ မြို့ လေးတစ်မြို့ မှာ
တစ်ဦးကိုတစ်ဦး
အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးရှိတယ်။
သူတို့ဟာ အမြဲမခွါ
တစ်တွဲတွဲပဲ နေ့တိုင်း
ပင်လယ်ဘေးကို သွားပြီး
နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။
သူတို့ကမြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။
ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာလဲလျောင်းနေရတယ်။
နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီးသူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။
အချိန်တွေ တဖြေးဖြေးကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင်
ခမ်းလုနီးနေပြီ။
ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေးလက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။
ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီးမျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။
ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက
တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။
"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။
မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့ ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။
သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့ ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။
ကောင်လေး ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။
ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။
ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း
ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ်
ထပျံလာခဲ့တယ်။
မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကိုသူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ
အရပ်တန့်ခံလိုက်ရတယ်။
လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊
သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လိုပျော်ရွှင်ချမ်းမြေ့နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကိုပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့
ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှမတတ်နိုင်ခဲ့ဘူး။
ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ
ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကိုအသက်ရှုကျပ်စေတယ်။
သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏသွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က
သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကိုလုံးဝ သတိမေ့သွားခဲ့ပြီလေ။
သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ
သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီးနမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေစီးကျလာခဲ့တယ်။
"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာကပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ
မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"
သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား..
(မှတ်ချက်။ ။ သူငယ်ချင်းတယောက် အီးမေးလ်မှ ပို့လာသော ဇာတ်လမ်းအား တင်ပြခြင်းဖြစ်ပါသည်)
Monday, September 15, 2008
ပုစဉ်းလေးတကောင်အကြောင်း
Posted by ရေတစက်ကြောင့် at 2:28 PM 0 comments
Labels: ၀တ္ထုတို
Wednesday, September 3, 2008
ဖြေပေးပါ..
ပူပြင်းတဲ့နှလုံးသားလမ်းကို...
ဖြတ်သန်းလာခဲ့ရသူငါ့ကို...
အကြင်နာရေအေးနဲ့စောင့်ကြိုသူ...ချစ်သူ...
နာကျင်မှုတွေနဲ့...
နှလုံးသားကြေမွမတတ်....
ဒဏ်ရာတွေကို... မေတ္တာတွေနဲ့..
ကုစားပေးသူ... ချစ်သူ....
ယိုင်နဲ့နဲ့နှလုံးသားနဲ့...
နွမ်းနယ်နေတဲ့ငါ့ကို..
ညင်သာစွာဖေးကူသူ...ချစ်သူ...
အချိန်ကြာလာလို့....
အသစ်သစ်တွေလာရင်ရော...
ချစ်ခြင်းမေတ္တာတွေနဲ့....
ငါ့လက်ကိုမလွှတ်ဘဲ...
အသက်ထက်ဆုံး....
တွဲခေါ်မှာလား... ချစ်သူ..။
Posted by ရေတစက်ကြောင့် at 4:31 PM 0 comments
Labels: ကဗျာ
ကမ္ဘာပျက်စေခဲ့တဲ့ ဧပြီ (၁၀) ရက်
ငယ်ငယ်ကတည်းကပေါ့....
အဖေနဲ့ တူတူသွားခဲ့တဲ့နေရာတွေကို....
ပြန်သတိရမိတယ်....။
တချိန်တည်းမှာဘဲ...
ကျမရဲ့ ဘယ်တော့မှ..
မမေ့နိုင်တဲ့အချိန်လေးတွေကိုလဲ..
ပြန်မြင်ယောင်လာတယ်....။
ကျမက... ဖေဖေသွားလေရာလိုက်သွားတတ်သလို...
ဖေဖေကလည်း ကျမကို ခေါ်သွားလို့ရရင် ခေါ်သွားလေ့ရှိပါတယ်...
ကျမရဲ့ဖေဖေက... ကျမတို့မိသားစုကို.... အရမ်းချမ်းသာအောင် မရှာဖွေပေးနိုင်ပေမဲ့.... နေဖို့စားဖို့လုံလောက်တဲ့... လူလတ်တန်းစားထဲမှာ ကျမတို့မိသားစုက အပါအ၀င်ဖြစ်ပြီး.. အေးချမ်းတဲ့ မိသားစုလေးတခုကို ဖေဖေက ဖန်တီးပေးခဲ့ပါတယ်....။
အရက်သောက်တတ်တဲ့ ဖေဖေက ညနေအိမ်မပြန်လာတိုင်း... မေမေက ကျမကို လိုက်ခေါ်ခိုင်းလို့... ရွာထဲက အရက်ဆိုင်တွေဆီ နှံ့နေအာင် သွားခဲ့ရတဲ့ အချိန်တွေကို ပြန်စဉ်းစားရင်... ဒီအချိန်မှာ ရှက်သလိုလိုဖြစ်မိပေမဲ့.... အဲဒီတုန်းက..ကလေးသဘာဝ.. ဖေဖေ့ဘေးမှာ ထိုင်ရင်း အမြည်းစားပြီး...ဖေဖေ့ကို စောင့်နေရတာကိုက ကျမပျော်နေခဲ့တာဘဲ.....။
ညဘက်တွေဆိုရင်... ဖေဖေက ၀တ္ထုတွေဖတ်တဲ့အခါတိုင်း... စာမကျက်ဘဲ...ဖေဖေ့ဘေးမှာ အတင်းဝင်ပြီး ၀တ္ထုလိုက်ဖတ်ခဲ့တဲ့ ညတွေကိုလည်း မှတ်မိသေးပါရဲ့ဖေဖေရယ်....။
ကျမ ငါးတန်းစာမေးပွဲဖြေပြီးလို့... နွေရာသီကျောင်းပိတ်ချိန်မှာ... ကျမတို့ ပျော်ရွှင်စရာမိသားစုကို... ကံကြမ္မာမုန်တိုင်းက တိုက်မှန်းမသိတိုက်ခတ်ခဲ့တယ်....။
ဖေဖေစပြီး ကျန်းမာရေးမကောင်းဖြစ်တဲ့အချိန်မှာ... ဖေဖေအရမ်းကြိုက်တဲ့ မုန့်ဟင်းခါးကို မနက်စာကျွေးပြီး ဆေးတိုက်တော့...ဖေဖေမစားနိုင်ခဲ့ဘူး...။
ကလေးသာသာရှိသေးတဲ့ကျမကတော့... ဖေဖေမစားနိုင်တဲ့ အသီးတွေ.. မုန့်တွေကို စားရလို့.. ပျော်နေခဲ့တာကို စဉ်းစားတိုင်း... စိတ်ထဲမှာ ဒေါသထွက်မိတယ်....။
ရင်တွေအရမ်းပူလို့ဆိုပြီး... ရေပုလင်းကို အမြဲတမ်းဖက်တွယ်ထားတတ်တဲ့ဖေဖေက... သစ်တိုသီးစားချင်တယ်ဆိုလို့... သားအဖနှစ်ယောက်.. သစ်တိုသီးအကင်းတွေကိုကောက်ပြီး... ဆားအစပ်တွေနဲ့တို့စားကြတာလဲ မြင်ယောင်နေမိသေးတယ်...။
အဲဒီတစ်ညမှာတော့....ဖေဖေနေမကောင်းလို့ဆိုပြီး... ကျမတို့ညီအစ်မတွေအားလုံး... ဖေဖေ့ဘေးမှာ မေမေကခေါ်သိပ်လို့အိပ်ပျော်နေချိန်မှာ....
ဧပြီလ (၉) ရက်နေ့.. မနက် (၃) နာရီထိုးမှာ... မေမေ၊ ဒေါ်လေးနဲ့ ဦးလေးတို့... ပျာပျာသလဲနဲ့... ဖေဖေ့ကို ဆေးရုံခေါ်သွားတော့.... ကျမက ဒီနေ့ဖေဖေ ဆေးရုံရက်ချိန်းရှိလို့ သွားကြတယ်ပေါ့.....။
အဲဒီတစ်နေ့လုံး.... အဖိုး၊အဖွား.. ဦးတွေ၊အဒေါ်တွေ...အားလုံးအလုပ်ရှုပ်နေကြတယ်...။
အဖိုးကဆေးရုံကိုလိုက်သွား.... အဒေါ်တွေက စွပ်ပြုတ်တွေပြုတ်ပေါ့....။ ကျမတို့ကတော့ ဖေဖေဆေးရုံတက်လို့.. သက်သာသွားရင်.. ပြန်လာမယ်လို့ဘဲ.. ယုံကြည်ခဲ့တယ်....။
အဲဒီညက... ကျမတို့ညီအစ်မတွေ.... အဒေါ်အိမ်မှာသွားအိပ်ခဲ့ရတယ်....။ ဒါပေမဲ့.. ည (၁၁) နာရီထိုးလောက်မှာ.... ဆေးရုံလိုက်သွားတဲ့ အဒေါ်က ရောက်လာပြီးတော့..
...အိမ်သော့ပေး... ကလေးတွေပါခေါ်ခဲ့တဲ့... သူတို့ပြန်လာကြပြီ....
အဒေါ်က ကျမတို့ကို
...သမီးတို့ ထကြ... ထကြ.. အိမ်ပြန်ရအောင်....
ကျမတို့ညီအစ်မတွေအားလုံး... အိပ်ချင်မူးတူးနဲ့.. အိမ်ပြန်ရောက်သွားတော့.. ဖေဖေ့ကို ဆေးပုလင်းတန်းလန်းနဲ့..တွေ့ရတယ်... အိမ်မှာလည်း လူစုံတက်စုံပေါ့...။
မေမေကငိုနေလို့... ဘာဖြစ်လို့လဲဆိုပြီး... တချက်တော့ အူကြောင်ကြောင်ဖြစ်သွားပေမဲ့.... မီးဖိုချောင်ထဲမှာရှိတဲ့... ဒေါ်ငယ်ဘေးမှာသွားထိုင်တော့... ဒေါ်ငယ်က ဆန်ပြုတ်ပြုတ်နေတယ်...
...အဲဒါဘာလုပ်ဖို့လဲဒေါ်ငယ်.... လို့မေးလိုက်တော့...
ဒေါ်ငယ်က..... ဖေဖေသောက်ဖို့...တဲ့....
ကလေးဖြစ်ပေမဲ့.... ဖေဖေ့ရဲ့ အသက်ရှူသံပြင်းပြင်းကြောင့် ကျမအိပ်လို့မရခဲ့ဘူး..... အမှန်အတိုင်းပြောရရင်... အဲဒီအသက်ရှူသံတွေကို... ကြောက်လဲကြောက်နေခဲ့တယ်.... ပင်ပင်ပန်းပန်းအသက်ရှူနေရတဲ့... ဖေဖေ့ကိုလဲ သနားတယ်။
ဒီလိုနဲ့ဘဲ..မိုးလင်းလာတယ်.... ဖေဖေ့ရဲ့အသက်ရှူသံတွေက ပိုကျယ်လာတယ်.... အဲဒီအချိန်မှာ... ကျမစပြီးတော့..တကယ်လို့ဖေဖေသာ... ငါတို့မိသားစုကို.. ခွဲသွားခဲ့ရင်ဆိုတဲ့အတွေးကို....တွေးလာတယ်....။
ကျမ အရမ်းကို တုန်လှုပ်သွားခဲ့တယ်... ကျမဘ၀မှာ တခါမှမတွေးဖူးခဲ့တဲ့အတွေးမို့... ဘာလုပ်ရ..ကိုင်ရမှန်းမသိဘဲ....မျက်ရည်တွေနဲ့.... ဘုရားစင်အရှေ့မှာ... ဘယ်နှစ်ကြိမ်ရှိခိုးပြီး..ဆုတောင်းနေခဲ့မှန်းတောင် ... မမှတ်မိတော့ဘူး....။
ဒါပေမဲ့ ကလေးဖြစ်တဲ့ ကျမရဲ့ဆုတောင်းကိုဘဲ... ဘုရားကအလေးမထားတာလားတော့မသိဘူး...
မနက် (၆) နာရီခွဲလောက်ရောက်တော့... ဖေဖေ့ဆီက ဆေးပုလင်းတွေကိုဖြုတ်လိုက်ကြတယ်....။ အဲဒီအချိန်မှာ ကျမကအိမ်ရှေ့ဘုရားခန်းထဲမှာပေါ့.... ဖေဖေ့အသက်ရှူသံတွေတိုးသွားလို့... ဖေဖေ.. သက်သာလာပြီအထင်နဲ့... အခန်းထဲကို ပြေးဝင်ကြည့်တော့... မေမေက ဘေးနားမှာငိုလို့... အဖိုးနဲ့... အဖွားက မေမေ့ကို...
....သူလွတ်လွတ်ကျွတ်ကျွတ်သွားပါစေ... သမီးတို့ရဲ့ငိုသံတွေကို... သူမကြားပါစေနဲ့.... တဲ့....
ဒီတခါမှာတော့... ကျမအဖြစ်က ရိပ်မိတော့ တခင်းကုန်နေပြီဆိုသလိုမျိုး.... ကျမအကြောက်ဆုံးတနေ့တနေ့ရဲ့ မြင်ကွင်းကို ဘာမှမသိလိုက်ပါဘဲ... ရောက်ခဲ့တယ်...။
ကျမကိုအရမ်းချစ်တဲ့ဖေဖေက... မျက်စိတောင်မဖွင့်နိုင်ဘဲ... တဖြည်းဖြည်းငြိမ်ကျသွားသလို.... ဘုရားစင်ရှေ့မှာ ကန်တော့ရင်းနဲ့... ကျခဲ့တဲ့ ကျမရဲ့ မျက်ရည်တွေလည်း.... အဲဒီနေရာမှာဘဲ ခမ်းခြောက်သွားခဲ့တယ်....။
ရုပ်ရှင်တွေဗီဒီယိုတွေထဲကလို.... ကျမ..မေ့လဲမကျသွားပါဘူး...။ ဒါပေမ... ဖေဖေ့ရဲ့ ပုံရိပ်... လူတွေရဲ့လှုပ်ရှားမှု... မေမေ့ရဲ့ အငိုမျက်နှာ... မြင်ကွင်းအားလုံးက... ကျမနှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ...
Posted by ရေတစက်ကြောင့် at 3:21 PM 1 comments
Labels: ရသ
Tuesday, July 15, 2008
ချစ်သူနဲ့အတူ
ချစ်သူတွေစပြီးတော့ ဖြစ်ခဲ့ကြကတည်းကနဲ့...
အဆင်မပြေမှုတွေက....
တို့နှစ်ယောက်ရဲ့နောက်မှာ...
ထပ်ချပ်မကွာလိုက်ပါခဲ့တာ...
သတိထားခဲ့မိတယ်ဆိုပါတော့ ချစ်သူရယ်..
အခက်အခဲတွေကို အတူတူကျော်လွှားရင်းနဲ့...
တယောက်သောကကို.. တယောက်မမြင်အောင်...
ငါတို့ဟန်ဆောင်ဖုံးကွယ်ခဲ့ကြတယ်... ချစ်သူစိတ်ဆင်းရဲမှာ စိုးလို့ပေါ့...
မထင်မှတ်တဲ့ ပြသနာတွေ... တခုပြီးတခုလာတိုက်ခိုက်တဲ့အချိန်မှာ... ငါက အားလုံးကို မင်းနဲ့အတူရင်ဆိုင်... ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို ပြတ်ပြတ်သားသားအံတုဖို့ဆုံးဖြတ်လိုက်ချိန်မှာ... နင်ကတော့ နင့်အတွက်နဲ့.. ငါရင်ဆိုင်ရမဲ့ ထိခိုက်နစ်နာမှုတွေအတွက်... တိတ်တိတ်လေး အဝေးကိုထွက်ခွာသွားဖို့... ဆုံးဖြတ်လိုက်တယ်နော်...
...ချစ်သူရယ်.. အားလုံးအဆင်ပြေသွားမှာပါလို့...အသံငြိမ်ငြိမ်လေးနဲ့ နင်ပြောလာပေမဲ့.. ငါရင်ထဲမှာ တခုခုကို သိနေသလိုရှိခဲ့တယ်...
အဲဒီညမှာ... ငါတို့နှစ်ယောက်လုံး အရမ်းဝမ်းနည်းလွန်းပြီး.. စကားဆက်မပြောနိုင်ဘဲ...ဖုန်းချဖြစ်ခဲ့တယ်နော်...
...အဲဒီနောက် ငါခဏလေး အိပ်ပျော်နေချိန်မှာ.. နင်ငါ့ဆီကို ဖုန်းပြန်ဆက်ခဲ့တယ်.... နင်ငါ့ကို အိပ်နေလားလို့မေးပြီးတော့... ငါပေးထားတဲ့ ကျောက်စိမ်းပြားလေးးကို ပြန်မပေးတော့ဘူးနော်ဆိုပြီး.. ငါ့ကိုစသလိုလိုနဲ့နင်ပြောတယ်...
...ပြီးတော့.. ချစ်သူ..နောက်ဆိုရင် ကျန်းမာရေးကို ဂရုစိုက်ရမယ်နော်လို့ နင်ပြောလိုက်ချိန်မှာ... ငါသိနေသလိုရှိခဲ့တဲ့အရာ သေချာသွားသလို... ဒါမှမဟုတ်... တစုံတယောက်က ငါ့ကိုတိုက်တွန်းနေသလိုမျိုး...
..နင်ငါ့ကိုထားပြီး..တနေရာရာသွားဖို့..ပြင်နေတယ်မဟုတ်လားလို့.. ငါမေးမိတယ်နော်...
အဲဒီအချိန်မှာ.. တိတ်သွားတဲ့ နင့်အသံကြောင့် ငါ့အထင်တွေပိုပီပြင်လာတယ်... ငါတို့နှစ်ယောက် ဝေးကြတော့မယ်ဆိုတဲ့ ထိတ်လန့်မှုတွေနဲ့.. မသွားပါနဲ့လို့.. ငါနင့်ကို တောင်းဆိုမိတယ်... ကတိပေးဖို့လည်း ငါနင့်ကိုပြောမိတယ်...
ငါ့အပေါ်မလိမ်ချင်တဲ့နင်ကလည်း... အဲဒီကတိကိုတော့ နင်မပေးနိုင်ဘူးလို့ပြောတော့.. နင်တိတ်တိတ်လေး စီစဉ်ထားတဲ့အရာတွေကို ၀န်ခံခဲ့သလိုဖြစ်ခဲ့တယ်နော်...
အဲဒီအချိန်.. ငါဝမ်းနည်းလွန်းလို့ ငိုသံတွေကို... နင်တားဆီးနိုင်ဖို့အတွက်.. မငိုပါနဲ့ချစ်သူရယ်..ဆိုတာကလွဲပြီး.. ဘာမှမလုပ်နိုင်ခဲ့ဘူးလေ...
ငါအတန်တန်တောင်းပန်နေပေမဲ့.. ငါ့အတွက် အကောင်းဆုံးလို့ထင်ပြီး နင်ဆုံးဖြတ်ထားတာတွေကို.. နင်အရှုံးမပေးချင်လို့... နင်လည်း အလျော့မပေးခဲ့ဘူးမဟုတ်လား..
အဲဒီတော့.. ငါ့ငိုသံတွေရပ်ပြီး.. နင်သွားချင်ရင်သွားပါ... ဒါပေမဲ့.. နင်သွားပြီးနောက်ပိုင်းဆိုရင်.. ငါ့ကျန်းမာရေးလဲ ဂရုမစိုက်ဘူး.. ထမင်းလဲ ပုံမှန်မစားဘူး... ဗိုက်အောင့်တတ်တဲ့ ငါ့ကို ငရုပ်သီးတွေမစားဖို့တားတာကိုလဲ နားမထောင်တော့ဘူး.. .အလုပ်သွားရင် ကားလမ်းအကူးကို အမြဲစိတ်ပူတတ်တဲ့ နင့်ကို... လမ်းလဲ ကူးချင်သလိုကူးမယ်ဆိုပြီး.. ငါပြောတော့...
...အဲလိုမလုပ်ပါနဲ့ချစ်သူရယ်..ချစ်သူအတွက်ကောင်းပါစေဆိုပြီးဆုံးဖြတ်ပါတယ်ဆို... ချစ်သူတခုခုဖြစ်ရင်...ဘယ်လိုမှ ခံစားနိုင်မှာမဟုတ်ဘူးဆိုပြီးတော့...နင်ဝမ်းနည်းလို့.. ငိုခဲ့တယ်နော်...
အဲဒီအချိန်... ဒါဆိုရင်မသွားနဲ့လို့..ငါပြောတော့... နင်အကြာကြီးစဉ်းစားပြီးမှ...
..အင်း..မသွားတော့ဘူးဆိုပြီးတော့.. ငါ့ကိုပြန်ပြောခဲ့တယ်နော်...
အဲဒီအချိန်ကနေစပြီး.. ငါတို့နှစ်ယောက် အခက်အခဲမှန်သမျှရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ကြတယ်နော်..
...ချစ်သူရယ်..လောကမှာဖြစ်ချင်တာရှိရင် ကြိုးစားရင်ရပါတယ်... ဆုံဆည်းချင်ရင်လဲ... ဆုံးဆည်းအောင်ကြိုးစားမယ်လို့..ဆုံးဖြတ်ထားရင်.. အဆုံးသတ်မှာ.. ငါတို့နှစ်ယောက်အတူလက်တွဲရမှာပါ...။
Posted by ရေတစက်ကြောင့် at 11:30 AM 0 comments
Labels: ၀တ္ထုတို
၁၉ ဇူလိုင်.. အာဇာနည်နေ့အတွက်
ပြောကြားခဲ့သော ဗိုလ်ချုပ်မိန့်ခွန်းမှ...
နိုင်ငံရေးဆိုတာက တခါတရံမှ အစည်းအဝေးလုပ်ပြီးတော့...
စင်မြင့်ပေါ်က ပြောတဲ့လူကပြော..
နားထောင်တဲ့လူက နားထောင်တဲ့ ကိစ္စမျိုးမဟုတ်ဘူး...
အမြဲတမ်းအားဖြင့်... တတိုင်းပြည်လုံးမှာရှိတဲ့.. တိုင်းသူပြည်သားတွေဟာ...
မိမိတို့ရဲ့ ဆိုင်ရာဆိုင်ရာ အကျိုးတွေကို... ဆိုင်သလိုဖွဲ့စည်းပြီးတော့ကာ...
မိမိတို့ ပြသနာတွေကို လုပ်ပြီးတော့ကာ...
ဖြေရှင်းရန်အတွက်.. အမြဲတမ်းလုပ်နေတဲ့ ကိစ္စဖြစ်တယ်...။
၁၉၄၅.. သြဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံရေးခေါင်းဆောင်များ အစည်းအဝေးမိန့်ခွန်းမှ..
ခေါင်းဆောင်လုပ်တဲ့ လူတွေဟာ...
ကိုယ်ယုံကြည်တဲ့ ကိစ္စကို တိုင်းသူပြည်သားတွေကို..
ပြောရဲရမယ်.. ရှင်းပြနိုင်ရမယ်..
အသက်စွန့်သင့်တဲ့နေရာမယ် စွန့်ရဲရမယ်..
ပရိယာယ်သုံးသင့်တဲ့နေရာမယ်.. သုံးရမယ်..
အချိန်အခါလိုက်ပြီးလုပ်ရမယ်..
အများယောင်လို့ယောင်ရတယ်... အမောင်တောင်မှန်း..မြောက်မှန်းမသိဘူးဆိုရင်...
ခေါင်းဆောင်မဟုတ်ဘူး...
Posted by ရေတစက်ကြောင့် at 10:15 AM 0 comments
Labels: ဆောင်းပါး
Thursday, July 10, 2008
အတူရှိနေပေးပါ
မင်းနဲ့ ပတ်သက်လို့..
ရိုက်ခတ်..ကဲ့ရဲ့သံတွေ...
ငါကြံ့ကြံ့ခံရင်ဆိုင်နေတုန်းမှာ...
အားလုံးအဆင်ပြေဖို့အတွက်ဆိုပြီး..
ငါနဲ့ဝေးရာ..
ကျေးဇူးပြုပြီးမင်းထွက်မသွားပါနဲ့...
ငါ့ရဲ့အားအင်တွေ...
မျက်ရည်အဖြစ်ပြောင်း...
ခန္ဓာကိုယ်ထဲမှာ...
တစက်ကလေးမှမကျန်အောင်...
နှုတ်မယူသွားပါနဲ့ ချစ်သူရယ်....
Posted by ရေတစက်ကြောင့် at 9:24 AM 0 comments
Labels: ကဗျာ
Tuesday, July 1, 2008
ဟေး.. သက်ဆိုင်သူ...
ရင်မှာတကယ်တမ်းဖြစ်တည်ခဲ့ရင်...
အချစ်ဆိုတာကို...
မင်းအတွက်...
ငါအတတ်နိုင်ဆုံး...
ဖန်တီးပေးပါ့မယ်..
သူငယ်ချင်းကောင်လေးရယ်....
Posted by ရေတစက်ကြောင့် at 7:04 AM 0 comments
Labels: ကဗျာ