
မျှော်လင့်ချက်တွေက…
တနေ့တော့ငါငြိမ်းချမ်းမယ်….
လက်ရှိအခြေအနေက…
အိမ်ခေါ်စရာ တဲစုတ်တောင်မှမဲ့….
လောကမှာ ငါပိုင်ဆိုင်ရာ…
ခြေတဖ၀ါးစာ..
မြေကွက်လေးတောင်မရှိပါ…
လွမ်းရတဲ့ မွေးမေမေ…
အခုတော့ဘယ်ဆီကိုရောက်နေ….
လေးစားရတဲ့ ချစ်ဖေဖေ….
ပေါ်တာပါပြီး ပြန်ပေါ်မလာ….
အစအနေပျောက်နေခဲ့တာကြာ….
ကံကြမ္မာရယ်…
အခွင့်သာပေးရင်…
ပျော်ရွှင်စရာငါ့မိသားစုနဲ့….
အေးချမ်းတဲ့ဘ၀ကိုဘဲ…
ငါ့ကိုပေးလှည့်ပါ…။
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

ဖြူလေးဆိုတဲ့ စိတ်ဝင်စားစရာ အိုင်ဒီလေးကို တွေ့တော့ ဇွဲရဲ့ ဂျီမေးလ် အိုင်ဒီမှာ သူငယ်ချင်းအဖြစ်ဖို့ သူ့ကို ဖိတ်ထားလိုက်တယ်….
အလုပ်တွေရှုပ်နေတဲ့အတွက်ကြောင့် နောက်ပိုင်းမှာထိုကိစ္စကို့ မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့တယ်….
တရက်တွင်..
ဟာ….. ဖြူလေးဆိုတဲ့ အိုင်ဒီက အင်တာနက်အွန်လိုင်းဖြစ်နေပါလား… နည်းနည်းချက်ကြည့်မှဘဲ…
..ဟေး… နေကောင်းလား..
ဟုတ်ကဲ့.. ကောင်းပါတယ်… ရှင်က ဘယ်ကလဲ….
… ကိုယ်ကရန်ကုန်မှာနေတာ… မင်္ဂလာတောင်ညွှန့်မှာလေ..မင်းကရော
ကျမလည်း ရန်ကုန်မှာပါဘဲ…စမ်းချောင်းမှာလေ..
…အော်.. ဒါဆိုရင် ဖြူလေးဆိုတာ မိန်းကလေးပေါ့နော်….
ဟုတ်ကဲ့…ရှင့်နာမည်ကရောဘယ်လိုခေါ်လဲ….
..ကိုယ့်နာမည်က ဇွဲလို့ခေါ်တယ်…...မင်းနာမည်က ဖြူလေးဘဲလား…
ဟုတ်ကဲ့…
..ဒါဆို.. ကိုယ်တို့သူငယ်ချင်းဖြစ်ပြီပေါ့နော်….
ဟုတ်ကဲ့…
အဲဒီလိုဘဲ အင်တာနက်မှာ စကားပြောရင်းပြောရင်း ဖြူလေးနဲ့ ဇွဲတို့ရဲ့ သံယောဇဉ်တွေ ခိုင်မြဲခဲ့တယ်။
ကျနော်.. သူနှင့် အင်တာနက်မှာ စကားစပြောရတော့.. တိုးညှင်းလွန်းတဲ့ နူးညံ့တဲ့ အသံအောက်မှာ…. ကျနော်နစ်မြောသွားခဲ့တယ်။
သူဖွင့်ပြထားတဲ့ ၀ပ်ဘ်ကမ် ထဲက နာမည်နဲ့ လိုက်ဖက်တဲ့ ဖြူဖြူနဲ့ သေးသေးသွယ်သွယ် သူ့ပုံရိပ်က ကျနော့်ကို အမြဲတမ်းစိုးမိုးထားတယ်…
သေချာပြန်တွေးကြည့်တော့… ဖြူလေးက ဇွဲရဲ့ နှလုံးသားတနေရာမှာ နေရာယူပြီးနေပြီ…
ဖြူလေး… မင်းကို..ကိုယ်ချစ်မိနေပြီ…
သူလည်း ကျနော့ကိုမငြင်းပါဘူး…
ဖြူလေးလဲ…ဇွဲကို ချစ်ပါတယ်….
ချစ်သူဖြစ်ပြီးတဲ့နောက်ပိုင်းမှာ… သူနဲ့ကျနော် အပြင်မှာ ချိန်းတွေ့ ဖြစ်ကြတယ်…
ဖျော့တော့တော့လေးနဲ့ လှနေတဲ့ ကျနော့ချစ်သူကို ကျနော် ရူးမတတ်ချစ်တယ်…
ဒါပေမဲ့ အပြင်မှာတွေ့တဲ့အချိန်တိုင်းမှာ ဖြူလေးကတော့ အမြဲတမ်း.. မတုန်မလှုပ်ပုံစံနဲ့.. ကျနော်သူ့ကို အားမလိုအားမရဖြစ်မိတယ်…
အင်တာနက်ပေါ်မှာဆိုရင်တော့… ဖြူလေးရဲ့အသံက နွေးထွေးအသက်ဝင်ပြီး တကယ့်လှိုက်လှိုက်လှဲလှဲနဲ့….
ချစ်သူသက်တမ်း (၆) လအကြာမှာတော့…
ဇွဲ…
ဇွဲကို အရမ်းချစ်ပေမဲ့ ဖြူလေးကိုမေ့ပြီး ဇွဲကို စိတ်ချမ်းသာအောင်ထားနိုင်မဲ့ အမျိုးသမီးတယောက်ကိုရှာလိုက်ပါတော့….
ဖြူလေးက.. ဇွဲနဲ့ မထိုက်တန်ပါဘူး…. ဖြူလေးတို့ရဲ့ဇါတ်လမ်း..ဒီမှာဘဲ အဆုံးသတ်လိုက်ကြရအောင်…
ဖြူလေး
စာတိုလေးကြောင့် ဇွဲ သူ့ကို အကျိုးအကြောင်းမေးကြည့်ရအောင် အင်တာနက်မှာ တညလုံးနီးပါးစောင့်နေခဲ့တယ်…
ဒါပေမဲ့ သူအွန်လိုင်းမလာခဲ့ဘူး…
သူ့ကိုအီးမေးလ်တွေပြန်ထားပေမဲ့လည်း သူဆီကစာမပြန်လာဘူး….
သူ့ဆီကစာကို စောင့်ရင်းနဲ့… တပတ်လောက်ကြာသွားခဲ့တယ်… သူကတော့ အွန်လိုင်းမှာပေါ်မလာပါဘူး.. လွယ်လွယ်ချစ်ပြီး..လွယ်လွယ်လမ်းခွဲတတ်တဲ့ ကောင်မလေးအဖြစ်သတ်မှတ်ပြီး... မုန်းနိုင်၊ မေ့နိုင်အောင်ကြိုးစားပေမဲ့.. ထင်သလောက်မလွယ်ခဲ့ဘူး။
ဟေ့ကောင်..ငဇွဲ..
ဟာ.. ငအောင်… ဘယ်သွားမလို့လဲ….
ငါ့ကိုခနလိုက်ခဲ့ပေးပါဦးကွာ… အစ်မက သွားစရာရှိလို့တဲ့…. သူ့ကိုထားခဲ့ပြီး.. မင်းနဲ့ငါနဲ့.. အတူတူပြန်လာမယ်.. ပြီးမှ.. မောင်မျိုးရဲ့ မင်္ဂလာဆောင်အတူသွားရအောင်..
မင်းအစ်မက ဘယ်ကိုသွားမှာလဲကွ…
စမ်းချောင်းကိုသွားမှာတဲ့ကွ…
ကျနော့်ရင်ထဲ ဒုတ်ခနဲ့တုန်သွားတယ်….အေး.. ဒါဆိုလဲသွားရအောင်လေ..
ကားပေါ်မှာ.. ငအောင်က မောင်မျိုးရဲ့ သတို့သမီးအကြောင်း မရပ်မနားပြောနေလေရဲ့…
ဟေ့ကောင်.. ငမျိုးရဲ့ကောင်မလေးက လှလိုက်တာကွာ.. ဖြူဖြူလေး…
ဖြူဖြူလေးဆိုတော့.. ဖြူလေးပုံစံကို ဖျတ်ခနဲ မြင်ယောင်လိုက်တယ်… ဒါပေမဲ့ မဖြစ်နိုင်ပါဘူး…
အင်းစိန်ရောက်တော့… ငအောင်ရဲ့ အစ်မက..
ရပ်..ရပ်.. ဒီမှာဘဲ..ရပ်တော့.. ဟုဆိုကာ.. အလျင်စလိုပင် ကားပေါ်မှဆင်းသွားလေသည်။
အစ်မ.. အစ်မ.. အိတ်ကျန်နေပြီလေ… အာ.. ဒီအစ်မတယောက်လဲ.. ကိုယ့်ပစ္စည်းတောင်..ကိုယ်မေ့နေတယ်… သွားလိုက်ပေးရဦးမယ်… ငဇွဲ..မင်းပါလိုက်ခဲ့… မင်းပါမှ.. ငါလည်း ပြန်ထွက်လို့လွယ်မှာကွ..
အေးပါကွာ.. မြန်မြန်လုပ်.. ငမျိုးမင်္ဂလာဆောင်နောက်ကျနေဦးမယ်…
အေးပါ.. မြန်မြန်လာ…
ခြံထဲရောက်တော့.. လူတွေက ရှုတ်ရှပ်ခတ်လို့နေသည်။ ဘာပွဲလုပ်မလို့ပါလိမ့်ဟူသော အတွေးမှမစခင်…
ငယ်ငယ်လေးနဲ့..သနားစရာလေးနော်… သူ့ရည်းစားသာရှိရင်တော့.. တော်တော်နှမြောမှာဘဲ… ဟူသော စကားတွေကြောင့် ဒီအိမ်မှာ ၀မ်းနည်းစရာ တခုခုဖြစ်နေတယ်ဆိုတာ.. သိလိုက်တယ်…
အိမ်ထဲဝင်သွားသော ငအောင့်အစ်မကို အထုပ်လိုက်ပေးဖို့အတွက် အိမ်ထဲဝင်သွားတော့.. ဇွဲရဲ့ ခြေလှမ်းတွေ ဆက်လှမ်းလို့မရအောင် ရပ်တန့်သွားစေခဲ့တာက သေဆုံးသူရဲ့ အလောင်းပင်….
ဖြူလေး….ဘုရား..ဘုရား.. မဟုတ်ပါစေနဲ့… (ချစ်သူနဲ့ မပေါင်းဖက်ရပေမဲ့လည်း… ကျနော် အရမ်းချစ်ရတဲ့ ချစ်သူကို ယခုလို ပုံစံနှင့် မမြင်လိုပါ..)..
နှမြောစရာကြီးမဟုတ်လား ငဇွဲ… သူက ငါ့အစ်မ..သူငယ်ချင်းရဲ့ညီမလေးလေ… ရောဂါသည်လေးမို့.. တအိမ်လုံး.. ပိုးမွေးသလိုမွေးထားတာ… သေမဲ့ရက်ကို ထိုင်စောင့်နေရရှာတဲ့ ကောင်မလေးပေါ့… လွန်ခဲ့တဲ့ တပတ်လောက်ကမှ ပိုဆိုးလာလို့ ဆေးရုံမှာတင်ထားတာ မနေ့ကဘဲဆုံးတာလေ….
ဇွဲရဲ့နားထဲ ၀င်တချက်မ၀င်တချက်နဲ့… မြင်ကွင်းထဲမှာလဲ ဖြူလေးရဲ့ လဲလျောင်းနေတဲ့ ရုပ်ပုံလွှာ… နှလုံးသားကို ဓါးနဲ့မွှန်းနေသလို… တစစ်စစ်နာကျင်လျှက်.. ရှိုက်ကြီးတငင်ငိုကြွေးမိတော့တယ်….
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

တဖြည်းဖြည်းရင့်မာလာတဲ့....
ကိုယ်ဝန်ကိုကြည့်ပြီး…..
ပီတိတွေဖြာနေရသူက… ကြည်ဖြူရယ်ပါ…..
ဝမ်းထဲက…. ရင်သွေးငယ်လေးရဲ့....
လှုပ်ရှားမှုတွေကို ခံစားရတိုင်း….
အတိုင်းအဆမရှိ.. ကြည်နူးနေမိတယ်….
လှုပ်ရှားနေတဲ့နေရာကို...
ကိုင်တွယ် ပွတ်သပ်ရင်းက..
ဒါကတော့ ခြေထောက်ကလေး….
ဒါကတော့.. လက်ကလေးရယ်ဆိုပြီး…
ထင်ကြေးပေးရင်း.. တစိမ့်စိမ့်ပြုံးနေမိတယ်….
တကယ်တမ်းဆိုရင်…. ဒီရင်သွေးရဲ့ အဖေဆိုတဲ့ ပုဂ္ဂိုလ်ကို … နည်းနည်းလေးမှ ထည့်မစဉ်းစားမိနေဘူး….
သူကကြည်ဖြူ့ကို…. ဂရုစိုက်ပေမဲ့… ကလေးကိုတော့ တသက်လုံး… ပြုစုပျိုးထောင်သွားချင်တဲ့ ပုံစံမျိုးလည်း မမြင်ရပါဘူး….
သူက… “ကိုယ်က.. အိမ်ထောင်တခုလုံးကို…
တာဝန်ယူနိုင်မယ့်အရည်အချင်းမရှိသေးဘူး …..
ကိုယ်က ကျောင်းလဲမပြီးသေးဘူး…
ကိုယ်ပိုင်ဝင်ငွေလဲမရှိသေးဘူး….
မိဘတွေပို့လာတဲ့ ကျောင်းစရိတ်တောင် အလျှင်မှီအောင် မနည်းသုံးနေရတာ…
အပိုငွေ ဘယ်မှာရှိပါ့မလဲ….ကြည်ဖြူရယ်” …..
တချိန်တုန်းက…. ကိုယ်တို့အတူနေရင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ… သူတောင်းဆိုခဲ့ဘူးတဲ့… မိသားစုဆိုတဲ့ အခြေအနေတခုက သူညည်းပြသွားခဲ့တဲ့…. ဘူး …တွေရဲ့… အောက်မှာ…
တစစီကွဲကြေသွားခဲ့ပြီလား… ကြည်ဖြူမသိပါ…
ဒီအချိန်မှာ… သူ့ရဲ့စကားတွေ သူပြောသမျှတွေကို ဗိုက်ကလေး ပွတ်ပြီး ပြုံးပြုံးလေးဘဲ နေရင်းနဲ့ …. ဘာတွေပြောသွားမှန်းကို မသိဘူး…..နားထဲမှာလည်း မကြားခဲ့ဘူး…..
ဘယ်သူတွေ.. တာဝန်ယူယူမယူယူ…. ကိုယ့်အသွေးထဲကဖြစ်ပေါ်လာတဲ့… ကိုယ့်ရဲ့ ရင်သွေးကိုတော့ … ကြည်ဖြူ..လက်လွတ်စပယ်..မလုပ်ပစ်ချင်ဘူး…
ဒါပေမဲ့.. သူ့ကို ကြည်ဖြူနောက်ဆုံးစကားတခွန်းကိုတော့ အပြုံးမပျက် ပြောဖြစ်ခဲ့တယ်….
“ကို… ဒီကလေးကို.. တာဝန်မယူနိုင်ဘူးလို့ ပြောချင်တာလား…..
အဲဒီလိုဆိုရင်လည်း… သွယ်သွယ်ဝိုက်ဝိုက်ပြောနေစရာမလိုပါဘူး…
ကြည်ဖြူကတော့ ဒီကလေးကို မွေးမယ်….
ကို တာဝန်ယူစရာမလိုဘူး…
ဒါပေမဲ့ တခုတော့ရှိတယ်…. တချိန်ကျမှ… ဒါကိုယ့်ကလေးပါဆိုပြီးတော့… အရန်သင့် အမည်လာခံတာမျိုးတော့ ကြည်ဖြူခွင့်မပြုနိုင်ဘူး…. ”
“ ဒါတွေဟာ.. ကြည်ဖြူ.. ကို့ကို မုန်းလို့ပြောတာလည်းမဟုတ်ပါဘူး… ကို့သဘောပါ…
ကို့မှာ ရွေးချယ်ခွင့်ရှိပါတယ်…”
သူရွေးချယ်မဲ့ လမ်းကို… ကြည်ဖြူကြိုတွေးပြီးသားမို့လို့….. တအားတော့မခံစားရပါဘူး…
သူ.. ကြည်ဖြူ့ရဲ့ဆုံးဖြတ်ချက်ကို.. စိတ်ပျက်လက်ပျက်ပုံစံနဲ့…. တချက်ကြည့်တော့… သူ့ကိုအဖြူစင်ဆုံးပြုံးပြခဲ့တယ်…
သူ.. ကြည်ဖြူ့ကို ကျောခိုင်းသွားခဲ့တယ်….
ကျန်ခဲ့တဲ့ ကြည်ဖြူကတော့…. လွယ်ထားရတဲ့ ရင်သွေးငယ်ကပေးတဲ့ ခွန်အားတွေနဲ့… အဓိပ္ဖါယ်ရှိတဲ့ မနက်ဖြန်တွေကို ဖြတ်သန်းဖို့အတွက်.... ခြေလှမ်းသစ်တွေပြင်ရင်း…
သူ့နဲ့ဆန့်ကျင်ဘက်ကို ကျောခိုင်းလိုက်ပါတယ်…..
သူရှိမှ အရာအားလုံးကို ရင်ဆိုင်ဖြတ်သန်းနိုင်မှာမဟုတ်ပါဘူး..... သူ...မရှိလည်း ဒါတွေကို ကြည်ဖြူရင်ဆိုင်ကျော်ဖြတ်နိုင်တယ်လေ.....
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

အေးချမ်းတဲ့ မြို့ လေးတစ်မြို့ မှာ
တစ်ဦးကိုတစ်ဦး
အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးရှိတယ်။
သူတို့ဟာ အမြဲမခွါ
တစ်တွဲတွဲပဲ နေ့တိုင်း
ပင်လယ်ဘေးကို သွားပြီး
နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။
သူတို့ကမြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။
ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာလဲလျောင်းနေရတယ်။
နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီးသူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။
အချိန်တွေ တဖြေးဖြေးကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင်
ခမ်းလုနီးနေပြီ။
ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေးလက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။
ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီးမျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။
ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက
တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။
"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။
မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့ ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။
သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့ ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။
ကောင်လေး ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။
ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။
ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း
ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ်
ထပျံလာခဲ့တယ်။
မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကိုသူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ
အရပ်တန့်ခံလိုက်ရတယ်။
လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊
သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လိုပျော်ရွှင်ချမ်းမြေ့နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကိုပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့
ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှမတတ်နိုင်ခဲ့ဘူး။
ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ
ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကိုအသက်ရှုကျပ်စေတယ်။
သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏသွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က
သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကိုလုံးဝ သတိမေ့သွားခဲ့ပြီလေ။
သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ
သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီးနမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေစီးကျလာခဲ့တယ်။
"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာကပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ
မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"
သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား..
(မှတ်ချက်။ ။ သူငယ်ချင်းတယောက် အီးမေးလ်မှ ပို့လာသော ဇာတ်လမ်းအား တင်ပြခြင်းဖြစ်ပါသည်)
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

နွေကန္တာရလို...
ပူပြင်းတဲ့နှလုံးသားလမ်းကို...
ဖြတ်သန်းလာခဲ့ရသူငါ့ကို...
အကြင်နာရေအေးနဲ့စောင့်ကြိုသူ...ချစ်သူ...
နာကျင်မှုတွေနဲ့...
နှလုံးသားကြေမွမတတ်....
ဒဏ်ရာတွေကို... မေတ္တာတွေနဲ့..
ကုစားပေးသူ... ချစ်သူ....
ယိုင်နဲ့နဲ့နှလုံးသားနဲ့...
နွမ်းနယ်နေတဲ့ငါ့ကို..
ညင်သာစွာဖေးကူသူ...ချစ်သူ...
အချိန်ကြာလာလို့....
အသစ်သစ်တွေလာရင်ရော...
ချစ်ခြင်းမေတ္တာတွေနဲ့....
ငါ့လက်ကိုမလွှတ်ဘဲ...
အသက်ထက်ဆုံး....
တွဲခေါ်မှာလား... ချစ်သူ..။
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

ငယ်ငယ်ကတည်းကပေါ့....
အဖေနဲ့ တူတူသွားခဲ့တဲ့နေရာတွေကို....
ပြန်သတိရမိတယ်....။
တချိန်တည်းမှာဘဲ...
ကျမရဲ့ ဘယ်တော့မှ..
မမေ့နိုင်တဲ့အချိန်လေးတွေကိုလဲ..
ပြန်မြင်ယောင်လာတယ်....။
ကျမက... ဖေဖေသွားလေရာလိုက်သွားတတ်သလို...
ဖေဖေကလည်း ကျမကို ခေါ်သွားလို့ရရင် ခေါ်သွားလေ့ရှိပါတယ်...
ကျမရဲ့ဖေဖေက... ကျမတို့မိသားစုကို.... အရမ်းချမ်းသာအောင် မရှာဖွေပေးနိုင်ပေမဲ့.... နေဖို့စားဖို့လုံလောက်တဲ့... လူလတ်တန်းစားထဲမှာ ကျမတို့မိသားစုက အပါအ၀င်ဖြစ်ပြီး.. အေးချမ်းတဲ့ မိသားစုလေးတခုကို ဖေဖေက ဖန်တီးပေးခဲ့ပါတယ်....။
အရက်သောက်တတ်တဲ့ ဖေဖေက ညနေအိမ်မပြန်လာတိုင်း... မေမေက ကျမကို လိုက်ခေါ်ခိုင်းလို့... ရွာထဲက အရက်ဆိုင်တွေဆီ နှံ့နေအာင် သွားခဲ့ရတဲ့ အချိန်တွေကို ပြန်စဉ်းစားရင်... ဒီအချိန်မှာ ရှက်သလိုလိုဖြစ်မိပေမဲ့.... အဲဒီတုန်းက..ကလေးသဘာဝ.. ဖေဖေ့ဘေးမှာ ထိုင်ရင်း အမြည်းစားပြီး...ဖေဖေ့ကို စောင့်နေရတာကိုက ကျမပျော်နေခဲ့တာဘဲ.....။
ညဘက်တွေဆိုရင်... ဖေဖေက ၀တ္ထုတွေဖတ်တဲ့အခါတိုင်း... စာမကျက်ဘဲ...ဖေဖေ့ဘေးမှာ အတင်းဝင်ပြီး ၀တ္ထုလိုက်ဖတ်ခဲ့တဲ့ ညတွေကိုလည်း မှတ်မိသေးပါရဲ့ဖေဖေရယ်....။
ကျမ ငါးတန်းစာမေးပွဲဖြေပြီးလို့... နွေရာသီကျောင်းပိတ်ချိန်မှာ... ကျမတို့ ပျော်ရွှင်စရာမိသားစုကို... ကံကြမ္မာမုန်တိုင်းက တိုက်မှန်းမသိတိုက်ခတ်ခဲ့တယ်....။
ဖေဖေစပြီး ကျန်းမာရေးမကောင်းဖြစ်တဲ့အချိန်မှာ... ဖေဖေအရမ်းကြိုက်တဲ့ မုန့်ဟင်းခါးကို မနက်စာကျွေးပြီး ဆေးတိုက်တော့...ဖေဖေမစားနိုင်ခဲ့ဘူး...။
ကလေးသာသာရှိသေးတဲ့ကျမကတော့... ဖေဖေမစားနိုင်တဲ့ အသီးတွေ.. မုန့်တွေကို စားရလို့.. ပျော်နေခဲ့တာကို စဉ်းစားတိုင်း... စိတ်ထဲမှာ ဒေါသထွက်မိတယ်....။
ရင်တွေအရမ်းပူလို့ဆိုပြီး... ရေပုလင်းကို အမြဲတမ်းဖက်တွယ်ထားတတ်တဲ့ဖေဖေက... သစ်တိုသီးစားချင်တယ်ဆိုလို့... သားအဖနှစ်ယောက်.. သစ်တိုသီးအကင်းတွေကိုကောက်ပြီး... ဆားအစပ်တွေနဲ့တို့စားကြတာလဲ မြင်ယောင်နေမိသေးတယ်...။
အဲဒီတစ်ညမှာတော့....ဖေဖေနေမကောင်းလို့ဆိုပြီး... ကျမတို့ညီအစ်မတွေအားလုံး... ဖေဖေ့ဘေးမှာ မေမေကခေါ်သိပ်လို့အိပ်ပျော်နေချိန်မှာ....
ဧပြီလ (၉) ရက်နေ့.. မနက် (၃) နာရီထိုးမှာ... မေမေ၊ ဒေါ်လေးနဲ့ ဦးလေးတို့... ပျာပျာသလဲနဲ့... ဖေဖေ့ကို ဆေးရုံခေါ်သွားတော့.... ကျမက ဒီနေ့ဖေဖေ ဆေးရုံရက်ချိန်းရှိလို့ သွားကြတယ်ပေါ့.....။
အဲဒီတစ်နေ့လုံး.... အဖိုး၊အဖွား.. ဦးတွေ၊အဒေါ်တွေ...အားလုံးအလုပ်ရှုပ်နေကြတယ်...။
အဖိုးကဆေးရုံကိုလိုက်သွား.... အဒေါ်တွေက စွပ်ပြုတ်တွေပြုတ်ပေါ့....။ ကျမတို့ကတော့ ဖေဖေဆေးရုံတက်လို့.. သက်သာသွားရင်.. ပြန်လာမယ်လို့ဘဲ.. ယုံကြည်ခဲ့တယ်....။
အဲဒီညက... ကျမတို့ညီအစ်မတွေ.... အဒေါ်အိမ်မှာသွားအိပ်ခဲ့ရတယ်....။ ဒါပေမဲ့.. ည (၁၁) နာရီထိုးလောက်မှာ.... ဆေးရုံလိုက်သွားတဲ့ အဒေါ်က ရောက်လာပြီးတော့..
...အိမ်သော့ပေး... ကလေးတွေပါခေါ်ခဲ့တဲ့... သူတို့ပြန်လာကြပြီ....
အဒေါ်က ကျမတို့ကို
...သမီးတို့ ထကြ... ထကြ.. အိမ်ပြန်ရအောင်....
ကျမတို့ညီအစ်မတွေအားလုံး... အိပ်ချင်မူးတူးနဲ့.. အိမ်ပြန်ရောက်သွားတော့.. ဖေဖေ့ကို ဆေးပုလင်းတန်းလန်းနဲ့..တွေ့ရတယ်... အိမ်မှာလည်း လူစုံတက်စုံပေါ့...။
မေမေကငိုနေလို့... ဘာဖြစ်လို့လဲဆိုပြီး... တချက်တော့ အူကြောင်ကြောင်ဖြစ်သွားပေမဲ့.... မီးဖိုချောင်ထဲမှာရှိတဲ့... ဒေါ်ငယ်ဘေးမှာသွားထိုင်တော့... ဒေါ်ငယ်က ဆန်ပြုတ်ပြုတ်နေတယ်...
...အဲဒါဘာလုပ်ဖို့လဲဒေါ်ငယ်.... လို့မေးလိုက်တော့...
ဒေါ်ငယ်က..... ဖေဖေသောက်ဖို့...တဲ့....
ကလေးဖြစ်ပေမဲ့.... ဖေဖေ့ရဲ့ အသက်ရှူသံပြင်းပြင်းကြောင့် ကျမအိပ်လို့မရခဲ့ဘူး..... အမှန်အတိုင်းပြောရရင်... အဲဒီအသက်ရှူသံတွေကို... ကြောက်လဲကြောက်နေခဲ့တယ်.... ပင်ပင်ပန်းပန်းအသက်ရှူနေရတဲ့... ဖေဖေ့ကိုလဲ သနားတယ်။
ဒီလိုနဲ့ဘဲ..မိုးလင်းလာတယ်.... ဖေဖေ့ရဲ့အသက်ရှူသံတွေက ပိုကျယ်လာတယ်.... အဲဒီအချိန်မှာ... ကျမစပြီးတော့..တကယ်လို့ဖေဖေသာ... ငါတို့မိသားစုကို.. ခွဲသွားခဲ့ရင်ဆိုတဲ့အတွေးကို....တွေးလာတယ်....။
ကျမ အရမ်းကို တုန်လှုပ်သွားခဲ့တယ်... ကျမဘ၀မှာ တခါမှမတွေးဖူးခဲ့တဲ့အတွေးမို့... ဘာလုပ်ရ..ကိုင်ရမှန်းမသိဘဲ....မျက်ရည်တွေနဲ့.... ဘုရားစင်အရှေ့မှာ... ဘယ်နှစ်ကြိမ်ရှိခိုးပြီး..ဆုတောင်းနေခဲ့မှန်းတောင် ... မမှတ်မိတော့ဘူး....။
ဒါပေမဲ့ ကလေးဖြစ်တဲ့ ကျမရဲ့ဆုတောင်းကိုဘဲ... ဘုရားကအလေးမထားတာလားတော့မသိဘူး...
မနက် (၆) နာရီခွဲလောက်ရောက်တော့... ဖေဖေ့ဆီက ဆေးပုလင်းတွေကိုဖြုတ်လိုက်ကြတယ်....။ အဲဒီအချိန်မှာ ကျမကအိမ်ရှေ့ဘုရားခန်းထဲမှာပေါ့.... ဖေဖေ့အသက်ရှူသံတွေတိုးသွားလို့... ဖေဖေ.. သက်သာလာပြီအထင်နဲ့... အခန်းထဲကို ပြေးဝင်ကြည့်တော့... မေမေက ဘေးနားမှာငိုလို့... အဖိုးနဲ့... အဖွားက မေမေ့ကို...
....သူလွတ်လွတ်ကျွတ်ကျွတ်သွားပါစေ... သမီးတို့ရဲ့ငိုသံတွေကို... သူမကြားပါစေနဲ့.... တဲ့....
ဒီတခါမှာတော့... ကျမအဖြစ်က ရိပ်မိတော့ တခင်းကုန်နေပြီဆိုသလိုမျိုး.... ကျမအကြောက်ဆုံးတနေ့တနေ့ရဲ့ မြင်ကွင်းကို ဘာမှမသိလိုက်ပါဘဲ... ရောက်ခဲ့တယ်...။
ကျမကိုအရမ်းချစ်တဲ့ဖေဖေက... မျက်စိတောင်မဖွင့်နိုင်ဘဲ... တဖြည်းဖြည်းငြိမ်ကျသွားသလို.... ဘုရားစင်ရှေ့မှာ ကန်တော့ရင်းနဲ့... ကျခဲ့တဲ့ ကျမရဲ့ မျက်ရည်တွေလည်း.... အဲဒီနေရာမှာဘဲ ခမ်းခြောက်သွားခဲ့တယ်....။
ရုပ်ရှင်တွေဗီဒီယိုတွေထဲကလို.... ကျမ..မေ့လဲမကျသွားပါဘူး...။ ဒါပေမ... ဖေဖေ့ရဲ့ ပုံရိပ်... လူတွေရဲ့လှုပ်ရှားမှု... မေမေ့ရဲ့ အငိုမျက်နှာ... မြင်ကွင်းအားလုံးက... ကျမနှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ...
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

ချစ်သူတွေစပြီးတော့ ဖြစ်ခဲ့ကြကတည်းကနဲ့...
အဆင်မပြေမှုတွေက....
တို့နှစ်ယောက်ရဲ့နောက်မှာ...
ထပ်ချပ်မကွာလိုက်ပါခဲ့တာ...
သတိထားခဲ့မိတယ်ဆိုပါတော့ ချစ်သူရယ်..
အခက်အခဲတွေကို အတူတူကျော်လွှားရင်းနဲ့...
တယောက်သောကကို.. တယောက်မမြင်အောင်...
ငါတို့ဟန်ဆောင်ဖုံးကွယ်ခဲ့ကြတယ်... ချစ်သူစိတ်ဆင်းရဲမှာ စိုးလို့ပေါ့...
မထင်မှတ်တဲ့ ပြသနာတွေ... တခုပြီးတခုလာတိုက်ခိုက်တဲ့အချိန်မှာ... ငါက အားလုံးကို မင်းနဲ့အတူရင်ဆိုင်... ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို ပြတ်ပြတ်သားသားအံတုဖို့ဆုံးဖြတ်လိုက်ချိန်မှာ... နင်ကတော့ နင့်အတွက်နဲ့.. ငါရင်ဆိုင်ရမဲ့ ထိခိုက်နစ်နာမှုတွေအတွက်... တိတ်တိတ်လေး အဝေးကိုထွက်ခွာသွားဖို့... ဆုံးဖြတ်လိုက်တယ်နော်...
...ချစ်သူရယ်.. အားလုံးအဆင်ပြေသွားမှာပါလို့...အသံငြိမ်ငြိမ်လေးနဲ့ နင်ပြောလာပေမဲ့.. ငါရင်ထဲမှာ တခုခုကို သိနေသလိုရှိခဲ့တယ်...
အဲဒီညမှာ... ငါတို့နှစ်ယောက်လုံး အရမ်းဝမ်းနည်းလွန်းပြီး.. စကားဆက်မပြောနိုင်ဘဲ...ဖုန်းချဖြစ်ခဲ့တယ်နော်...
...အဲဒီနောက် ငါခဏလေး အိပ်ပျော်နေချိန်မှာ.. နင်ငါ့ဆီကို ဖုန်းပြန်ဆက်ခဲ့တယ်.... နင်ငါ့ကို အိပ်နေလားလို့မေးပြီးတော့... ငါပေးထားတဲ့ ကျောက်စိမ်းပြားလေးးကို ပြန်မပေးတော့ဘူးနော်ဆိုပြီး.. ငါ့ကိုစသလိုလိုနဲ့နင်ပြောတယ်...
...ပြီးတော့.. ချစ်သူ..နောက်ဆိုရင် ကျန်းမာရေးကို ဂရုစိုက်ရမယ်နော်လို့ နင်ပြောလိုက်ချိန်မှာ... ငါသိနေသလိုရှိခဲ့တဲ့အရာ သေချာသွားသလို... ဒါမှမဟုတ်... တစုံတယောက်က ငါ့ကိုတိုက်တွန်းနေသလိုမျိုး...
..နင်ငါ့ကိုထားပြီး..တနေရာရာသွားဖို့..ပြင်နေတယ်မဟုတ်လားလို့.. ငါမေးမိတယ်နော်...
အဲဒီအချိန်မှာ.. တိတ်သွားတဲ့ နင့်အသံကြောင့် ငါ့အထင်တွေပိုပီပြင်လာတယ်... ငါတို့နှစ်ယောက် ဝေးကြတော့မယ်ဆိုတဲ့ ထိတ်လန့်မှုတွေနဲ့.. မသွားပါနဲ့လို့.. ငါနင့်ကို တောင်းဆိုမိတယ်... ကတိပေးဖို့လည်း ငါနင့်ကိုပြောမိတယ်...
ငါ့အပေါ်မလိမ်ချင်တဲ့နင်ကလည်း... အဲဒီကတိကိုတော့ နင်မပေးနိုင်ဘူးလို့ပြောတော့.. နင်တိတ်တိတ်လေး စီစဉ်ထားတဲ့အရာတွေကို ၀န်ခံခဲ့သလိုဖြစ်ခဲ့တယ်နော်...
အဲဒီအချိန်.. ငါဝမ်းနည်းလွန်းလို့ ငိုသံတွေကို... နင်တားဆီးနိုင်ဖို့အတွက်.. မငိုပါနဲ့ချစ်သူရယ်..ဆိုတာကလွဲပြီး.. ဘာမှမလုပ်နိုင်ခဲ့ဘူးလေ...
ငါအတန်တန်တောင်းပန်နေပေမဲ့.. ငါ့အတွက် အကောင်းဆုံးလို့ထင်ပြီး နင်ဆုံးဖြတ်ထားတာတွေကို.. နင်အရှုံးမပေးချင်လို့... နင်လည်း အလျော့မပေးခဲ့ဘူးမဟုတ်လား..
အဲဒီတော့.. ငါ့ငိုသံတွေရပ်ပြီး.. နင်သွားချင်ရင်သွားပါ... ဒါပေမဲ့.. နင်သွားပြီးနောက်ပိုင်းဆိုရင်.. ငါ့ကျန်းမာရေးလဲ ဂရုမစိုက်ဘူး.. ထမင်းလဲ ပုံမှန်မစားဘူး... ဗိုက်အောင့်တတ်တဲ့ ငါ့ကို ငရုပ်သီးတွေမစားဖို့တားတာကိုလဲ နားမထောင်တော့ဘူး.. .အလုပ်သွားရင် ကားလမ်းအကူးကို အမြဲစိတ်ပူတတ်တဲ့ နင့်ကို... လမ်းလဲ ကူးချင်သလိုကူးမယ်ဆိုပြီး.. ငါပြောတော့...
...အဲလိုမလုပ်ပါနဲ့ချစ်သူရယ်..ချစ်သူအတွက်ကောင်းပါစေဆိုပြီးဆုံးဖြတ်ပါတယ်ဆို... ချစ်သူတခုခုဖြစ်ရင်...ဘယ်လိုမှ ခံစားနိုင်မှာမဟုတ်ဘူးဆိုပြီးတော့...နင်ဝမ်းနည်းလို့.. ငိုခဲ့တယ်နော်...
အဲဒီအချိန်... ဒါဆိုရင်မသွားနဲ့လို့..ငါပြောတော့... နင်အကြာကြီးစဉ်းစားပြီးမှ...
..အင်း..မသွားတော့ဘူးဆိုပြီးတော့.. ငါ့ကိုပြန်ပြောခဲ့တယ်နော်...
အဲဒီအချိန်ကနေစပြီး.. ငါတို့နှစ်ယောက် အခက်အခဲမှန်သမျှရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ကြတယ်နော်..
...ချစ်သူရယ်..လောကမှာဖြစ်ချင်တာရှိရင် ကြိုးစားရင်ရပါတယ်... ဆုံဆည်းချင်ရင်လဲ... ဆုံးဆည်းအောင်ကြိုးစားမယ်လို့..ဆုံးဖြတ်ထားရင်.. အဆုံးသတ်မှာ.. ငါတို့နှစ်ယောက်အတူလက်တွဲရမှာပါ...။
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

၁၉၇၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမတွင်..
ပြောကြားခဲ့သော ဗိုလ်ချုပ်မိန့်ခွန်းမှ...
နိုင်ငံရေးဆိုတာက တခါတရံမှ အစည်းအဝေးလုပ်ပြီးတော့...
စင်မြင့်ပေါ်က ပြောတဲ့လူကပြော..
နားထောင်တဲ့လူက နားထောင်တဲ့ ကိစ္စမျိုးမဟုတ်ဘူး...
အမြဲတမ်းအားဖြင့်... တတိုင်းပြည်လုံးမှာရှိတဲ့.. တိုင်းသူပြည်သားတွေဟာ...
မိမိတို့ရဲ့ ဆိုင်ရာဆိုင်ရာ အကျိုးတွေကို... ဆိုင်သလိုဖွဲ့စည်းပြီးတော့ကာ...
မိမိတို့ ပြသနာတွေကို လုပ်ပြီးတော့ကာ...
ဖြေရှင်းရန်အတွက်.. အမြဲတမ်းလုပ်နေတဲ့ ကိစ္စဖြစ်တယ်...။
၁၉၄၅.. သြဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံရေးခေါင်းဆောင်များ အစည်းအဝေးမိန့်ခွန်းမှ..
ခေါင်းဆောင်လုပ်တဲ့ လူတွေဟာ...
ကိုယ်ယုံကြည်တဲ့ ကိစ္စကို တိုင်းသူပြည်သားတွေကို..
ပြောရဲရမယ်.. ရှင်းပြနိုင်ရမယ်..
အသက်စွန့်သင့်တဲ့နေရာမယ် စွန့်ရဲရမယ်..
ပရိယာယ်သုံးသင့်တဲ့နေရာမယ်.. သုံးရမယ်..
အချိန်အခါလိုက်ပြီးလုပ်ရမယ်..
အများယောင်လို့ယောင်ရတယ်... အမောင်တောင်မှန်း..မြောက်မှန်းမသိဘူးဆိုရင်...
ခေါင်းဆောင်မဟုတ်ဘူး...
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

ပတ်ဝန်းကျင်က..
မင်းနဲ့ ပတ်သက်လို့..
ရိုက်ခတ်..ကဲ့ရဲ့သံတွေ...
ငါကြံ့ကြံ့ခံရင်ဆိုင်နေတုန်းမှာ...
အားလုံးအဆင်ပြေဖို့အတွက်ဆိုပြီး..
ငါနဲ့ဝေးရာ..
ကျေးဇူးပြုပြီးမင်းထွက်မသွားပါနဲ့...
ငါ့ရဲ့အားအင်တွေ...
မျက်ရည်အဖြစ်ပြောင်း...
ခန္ဓာကိုယ်ထဲမှာ...
တစက်ကလေးမှမကျန်အောင်...
နှုတ်မယူသွားပါနဲ့ ချစ်သူရယ်....
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

သံယောဇဉ်တွေ..
ရင်မှာတကယ်တမ်းဖြစ်တည်ခဲ့ရင်...
အချစ်ဆိုတာကို...
မင်းအတွက်...
ငါအတတ်နိုင်ဆုံး...
ဖန်တီးပေးပါ့မယ်..
သူငယ်ချင်းကောင်လေးရယ်....
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

ချစ်သူနဲ့.. လမ်းလျှောက်ထွက်ဖို့... ဒီညနေမှာ အားလုံးစီစဉ်ထားတယ်...
ချစ်သူစဖြစ်တဲ့အချိန်ကစပြီး... သူများ သိမှာစိုးလို့... ဘယ်ကိုမှ အတူထွက်မလည်ဖြစ်ခဲ့ဘူး..
သွားလည်ဖို့နေရာရွေးပြန်တော့လဲ... ကိုယ်နဲ့သိတဲ့လူတွေ သိပ်ပြီးတော့ လာလေ့လာထ မရှိတဲ့နေရာပေါ့...
ဘာဖြစ်လို့လဲဆိုတော့...
သိတဲ့လူတွေက.. ပတ်ဝန်းကျင်ဆိုတာက နည်းနည်းဖြစ်ရင် များများပြောချင်တယ်လေ..အဲဒါမျိုးတွေကကြုံရပေါင်းများနေပြီ... ချစ်သူဘ၀ဆိုတော့... အရမ်းသတိရ.. လွမ်းရဆိုတော့..ချစ်သူက လက်ကလေးကို တွဲပြီးတော့မှ လမ်းလျှောက်ဖြစ်တယ်...
ကြည်နူးမယ်မှမကြံသေးဘူး... ကျနော်နဲ့သိတဲ့ အစ်မတယောက်က.. သူ့ယောက်ျားနဲ့ဘယ်ကပြန်လာလဲ မသိပါဘူး... ကိုယ်ကိုယ်တိုင်ကလဲ... ချစ်သူနဲ့အတူဆိုတော့.. တလောကလုံးကို မေ့နေတာ... သူလာနေမှန်းတောင်မသိပါဘူး...
အနားရောက်လို့မျက်နှာချင်းဆိုင်မိမှ... "အောင်မလေး"...မအော်မိရုံတမယ်.. လန့်လိုက်တာ... လိပ်ပြာရေ.. ပလူး..ပလူး.. လို့တောင် ပြန်ခေါ်မိတော့မလို့...
အင်း.. ပြသနာတော့မရှိပါဘူး... ချစ်သူနဲ့ လက်တွဲပြီးလမ်းလျှောက်တာ.. ဘာဖြစ်မှာမို့လို့လဲ.. ဒီခေတ်ကြီးထဲမှာ... ကိုယ့်ကိုယ်ကိုယ်အားပေးပြီးတော့... နေပစ်လိုက်တယ်... ဒါပေမဲ့.. ကျနော့်ရဲ့ ပတ်ဝန်းကျင်မှာ... သူဘာတွေသွားပြောမလဲဆိုတာကိုတော့... နည်းနည်းတွေးဖြစ်ပြီးမှ... ဖြစ်သမျှရင်ဆိုင်မယ်ပေါ့...
ထင်တဲ့အတိုင်းပါဘဲ... မချောက... ကျနော့်ပတ်ဝန်းကျင်မှာ... ကျနော်တို့ကို ယိုသူမရှက်.. မြင်သူရှက်တယ်ဆိုပြီး... အလွန်အကျွံတွေပြောထားလိုက်တာ...ချစ်သူနဲ့လည်ရတဲ့ ၂ နာရီနဲ့တောင်မတန်အောင်... ကျနော်လိုက်ရှင်းလိုက်ရလေသတည်း...။
ဒီမှာဘဲ.. ကျေးဇူးပြုပြီး အဆုံးသတ်ခွင့်ပေးပါ... ကိုယ့်ကိုကြည်ဖြူတဲ့ ပတ်ဝန်းကျင်နဲ့.... စေတနာ့ဝန်ထမ်း.. သတင်းထောက်ရှိတဲ့.. ပတ်ဝန်းကျင်မှာ.. ကြုံရတဲ့ အခြေအနေလေးကို မျှဝေလိုက်တာပါ..။
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

ငါတို့နှစ်ယောက်ရဲ့အချစ်နဲ့.....
ပျော်ရွှင်မှုအပြည့်ရှိတဲ့
...အနာဂါတ်...။
အတူလက်တွဲပြီး....
တည်ဆောက်ဖို့...။
သွေးခွဲစကားတွေကို...
အဝေးမှာထား...။
ဝေးကွာမှုဆိုတာ...
ငါတို့နဲ့မသက်ဆိုင်သလို...
နေရအောင်..ချစ်သူရယ်။
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

ငါ့ရဲ့အချစ်... မင်းအပေါ်..
ဖြူစင်မှု...ရိုးသားမှုနဲ့..
အခြေပြုခဲ့တာပါ...
ဤအချင်းအရာ...
တကယ်မှန်ခဲ့ပါလျှင်...
မင်းကြောင့်.. မျက်ရည်တစက်..
ငါကျခဲ့ရတယ်ဆိုရင်...
မျက်ရည်စက်ပေါင်းများစွာ...
မင်းဘ၀မှာ.. ကျပါစေ..
မင်းကြောင့်.. ကြေကွဲမှု...
ငါတသက်လုံး.. အဖော်ပြုသွားခဲ့ရတယ်ဆိုရင်..
ဘ၀ပေါင်းတသိန်း...
မင်း..ထပ်တူခံစားရပါစေ..
ချစ်သူနဲ့.. ကွေကွင်းရခြင်းဒုက္ခ...
ငါတစ်ခေါက်.. ခံစားခဲ့ရတယ်ဆိုရင်...
ငါ့ရဲ့..နာကျင်ကြေကွဲမှု..
မင်းကိုယ်ချင်းစာတတ်အောင်...
ငါ့ထက်ပိုပြီး..ခံစားရပါစေ..။
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

ပြည်သူသာလျှင်အမိ.. ပြည်သူသာလျှင်အဖ...
ဒါမှမဟုတ်..
တပ်မတော်သည်သာလျှင်အမိ.. တပ်မတော်သည်သာလျှင်အဖလား...
သေချာတာတခုကတော့...
ပြည်သူ့သားကောင်းဆိုလျှင်တော့.. ပြည်သူသာလျှင်အမိ.. ပြည်သူသာလျှင်အဖဘဲဖြစ်ရမယ်..
မြန်မာပြည်က...ဘိုးဘိုး.. အာဏာရူးကြီး.. မှူးကြီးသန်းရွှေကတော့..
တပ်မတော်သာအမိ.. တပ်မတော်သာအဖလို့သာအော်နေပြီ... ပြည်သူတွေ ဒုက္ခရောက်နေတာကူလည်းမကူညီဘူး.. သူများကူတာကိုလည်း လက်မခံဘူး...
အခုမြန်မာပြည်မှာ စစ်သားက သိန်းနဲ့ချီပြီးရှိနေတယ်.. သိန်းနဲ့ချီတဲ့ မိသားစု... ဆွေမျိုးတွေဟာလည်းဘဲ.. ဒီဒုက္ခတွေကို ခံစားနေကြရတယ်..
တကယ်တမ်းဆို တပ်မတော်ဆိုတာ ပြည်သူတွေဘ၀.. အေးချမ်းဖို့အတွက်.. အကာအကွယ်ပေးတဲ့.. မွန်မြတ်တဲ့ အလုပ်ကို လုပ်နေကြသူတွေပါ..
ဒါပေမဲ့... အရူးကြီး သန်းရွှေက.. အဲဒီ ငြိမ်းချမ်းတယ်.. အကာအကွယ်ပေးတယ်ဆိုတဲ့ စကားလုံးကို.. သုံးပြီးတော့... ကိုယ်ကျိုးအတွက်.. လုပ်စားနေတာ...
အခုဆိုရင်... သူလည်းတော်တော်ချမ်းသာလို့.. သမီးဖြစ်သူကိုတောင်.. စိန်စီတဲ့ မင်္ဂလာဆောင်အခမ်းအနားတခုလုပ်ပေးနိုင်သလို... ပြည်သူတွေလဲ.. အတော်ကိုအခက်အခဲ ကြုံနေရပါပြီ..
ဒါတွေအားလုံးကို... မြန်မာပြည်မှာရှိနေတဲ့ ပြည်သူကမွေးတဲ့ ပြည်သူ့သား.. စစ်သားတွေလည်း သိကြပါတယ်...
အဲဒါကြောင့်...ကိုယ့်ရဲ့ တကယ့်မိသားစု.. ဆွေမျိုးတွေနဲ့ မားမားမတ်မတ်.. ရပ်တည်ပြီး.. အမှန်တရားနဲ့ အေးချမ်းတဲ့ဘ၀တွေရဖို့အတွက် ပြည်သူတွေနဲ့ လက်တွဲဖို့ကို ပြည်သူတွေကနေ.. လက်ကမ်းလို့ စောင့်ကြိုနေလျှက်...
အတူလက်တွဲပြီး.. မိသားစုတိုင်းအတွက် ငြိမ်းချမ်းတဲ့ နိုင်ငံလေးတခု တည်ဆောက်လိုက်ရအောင်။
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

အပြုံးတချက်နဲ့
အားဆေးတခွက်
ငါ့အတွက်ဖြစ်စေခဲ့သူ….
စကားတလုံးနဲ့….
ငါ့ကို ကမ္ဘာအဆုံးထိ
လွင့်ပျောက်စေခဲ့တယ်….
နာကျင်မှုနဲ့မျက်ရည်စက်…..
ပါးပြင်ပေါ်စီးအကျမှာတောင်…
ငါနင့်ကို ခွင့်လွှတ်နေတုန်းဘဲ…..။
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

တကယ်ပါဘဲ...
နေ့တိုင်း...
သတင်းနားထောင်တဲ့ကျမ..
မြန်မာပြည်မှာ...
ဆိုင်ကလုံးတည့်တည့်...
ဝင်တိုးတယ်ဆိုတာကို..
ကြားတဲ့နေ့ကနေစပြီးတော့..
သတင်းကို မနားထောင်ဘဲနေခဲ့တယ်... ကျမ စိတ်မကောင်းစရာတွေကို တွေ့ရမြင်ရတာတွေများပြီးတော့ မမြင်ချင်တော့ဘူး...
ဒါပေမဲ့... ကိုယ့်နိုင်ငံနဲ့ပတ်သက်တော့ မနေနိုင်ဘူး.. အီးမေးလ်မှာတွေ့တော့ဖွင့်ကြည့်မိကာမှ.... ရှိတဲ့အားကို ရိုက်ချိုးပစ်လိုက်စေတာက... အသက်ပျောက်နေတဲ့ ကလေးတွေရဲ့ အလောင်းတွေပါ..
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စစ်အစိုးရကတော့ သူတာဝန်မယူနိုင်လို့ပစ်ထားတဲ့ ပြည်သူတွေအတွက် အခြားနိုင်ငံကလှူလာတဲ့ ပစ္စည်းတွေကိုတောင် လူတွေဆီကို မဝေပေးဘဲ...
ဂိုဒေါင်ထဲမှာ ထည့်သိမ်းထားတာကို တကယ်ပါဘဲ.. အံ့သြလို့ကို မဆုံးဘူး....ပြီးတော့ ဒီလောက် အရေးတကြီး အစားအစာတွေ၊ ထောက်ပံ့ပစ္စည်းတွေ လိုနေတဲ့အချိန်မှာ..
ဘာကိစ္စနဲ့ ဂိုဒေါင်ထဲထည့်ပြီး အလှကြည့်နေတာလဲဆိုတာ စဉ်းစားလို့မရဘူး....
သူများနိုင်ငံက ပို့လာတဲ့ ပစ္စည်းမပြောနဲ့ ကိုယ့်နိုင်ငံသားအချင်းချင်း ကိုယ်ချင်းစာလို့ ရှိတာလေးတွေ ဝေငှတာတောင် နိုင်ငံတော်ကို အရှက်ရစေတယ်၊ သိက္ခာချတယ် ဆိုပြီးတော့ ဖမ်းဆီးတယ်....။ သူတို့ကိုယ်တိုင်ကျတော့ မလုပ်နိုင်ဘဲနဲ့...။
ကိုယ့်နိုင်ငံကမဟုတ်တဲ့ အခြားနိုင်ငံသား ကမ္ဘာတ၀ှမ်းလုံးက လူတွေတောင် မုန်တိုင်းမိလို့ ငတ်နေတဲ့လူတွေ... ကျန်းမာရေးမကောင်းတဲ့၊ ဒုက္ခရောက်နေတဲ့လူတွေကို သနားပြီး အကူအညီတွေပေးနေတာ...
မြန်မာနိုင်ငံမှာ အစိုးရလုပ်နေတဲ့ သူတို့တွေက ဘာလို့အဲဒီလောက်တောင် အကြင်နာနည်းကြတာလဲ...
ဗိုလ်သန်းရွှေနဲ့ နအဖ အသိုင်းအ၀ိုင်းမှာ သားသမီးဆွေမျိုးတွေရှိရဲ့သားနဲ့ ဒီလောက်ကိုယ်ချင်းစာမှုနည်းတာ... လူတွေမှဟုတ်ကြရဲ့လား.... ငါတို့နိုင်ငံကလူတွေ တရိစ္ဆှာန်အရိုင်းအစိုင်းတွေရဲ့ အာဏာရူးသွယ်မှုအောက်မှာ အလူးအလဲခံနေကြရပြီ... အဲဒါကြောင့် ဒီအချိန်မှာ ငါတို့နိုင်ငံကို အပြောင်းအလဲတခုလုပ်ဖို့ လိုနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြနေတာပါဘဲ...
နောင်လာနောက်သားတွေအတွက် အေးချမ်းပြီး.. နေချင်စဖွယ်ကောင်းတဲ့ နိုင်ငံအဖြစ် အနာဂါတ်မှာ ကျန်ရစ်နေအောင်... ငါတို့အတူတူ တိုက်ပွဲဝင်ကြရအောင်...။
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

".. သား.. မင်းတကယ်ကြိုးစားရဲ့လား..
.. ဟုတ်ကဲ့.. အမေ..
.. တကယ်.. သေသေချာချာကြိုးစားတာအမှန်နော်...
..ဟုတ်ပါတယ်..
.. ဒါဆို မပူနဲ့သား.. မင်းတကယ်ကြိုးစားနေတာမှန်ရင် မအောင်မြင်စရာမရှိဘူး...
..အောင်မြင်လိမ့်မယ်.. မကြိုးစားတော့ဘူးဆိုမှသာ တကယ်ရှုံးသွားတာ.."
လူမည်းဆင်းရဲသားလေးဘ၀ကနေ အမေရိကန်ပုံနှိပ်ထုတ်ဝေရေးလောကရဲ့ ထိပ်သီးပုဂိုလ်တဦးဘ၀ကို ရောက်ခဲ့တဲ့ ဂျွန်ဟာရိုးလ်ဂျွန်ဆင်ကို စွမ်းအားဖြစ်စေခဲ့တဲ့ စကားလေးပါဘဲ...
တကယ်တော့...ဒီစကားလေးဟာ သူ့တယောက်အတွက်တင်မက.. လူတိုင်းအတွက် အသုံးဝင်စေတဲ့ စကားလေးပါဘဲ...
အခုလက်ရှိ.. မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့အခြေအနေ.. လူထုဆန္ဒခံယူပွဲမှာလဲ.. ဒီအတိုင်းပါဘဲ.. လူတွေပြောနေကြတာ.. ဖြစ်နိုင်ရုံတင်မကဘူး.. မှန်နေတာက... အခုငါတို့ မဲသွားထည့်ရင်.. ငါတို့မဲထည့်တဲ့အတိုင်းဖြစ်လာမှာမဟုတ်ဘူး... ဒီစစ်အစိုးရက မဲလိမ်မှာဘဲတဲ့...
အဲဒါဘယ်သူမှမခန့်မှန်းမိဘူးလား... အားလုံးခန့်မှန်းမိရုံတင်မကဘူး... ဖြစ်လာမယ်ဆိုတာကို သိနေတာဘဲ.... ဒါပေမဲ့...ကျမအမြင်ကတော့ ဘယ်လိုဘဲဖြစ်ဖြစ်.. ကျမတို့ပြည်သူတွေအနေနဲ့... တကယ်တမ်းလွတ်မြောက်ချင်တယ်.. လွတ်လပ်ချင်တယ်ဆိုရင် နည်းလမ်းကို အမြဲတမ်းရှာပြီးတော့ နည်းလမ်းပေါင်းစုံသုံးနေရမှာဘဲ...
..ဖိနှိပ်မှုတွေအရမ်းများတဲ့... လွတ်လပ်မှုလုံးဝမရှိတဲ့ အစိုးရတစ်ရပ်ရဲ့ အောက်မှာနေရပြီး.. လွတ်လမ်းကိုရှာချင်တယ်ဆိုရင်တော့... သူတို့အခွင့်အရေးပေးရင်ပေးသလောက်ယူပြီး... ကျမတို့ရဲ့ တကယ့်ဆန္ဒအမှန်ကို ဖော်ထုတ်ကြရမှာဘဲ...
ငါထည့်ရင်လည်းမဲလိမ်မှာဘဲ... သွားလည်းမထည့်ဘူး... ၀င်လည်းမပါဘူး...ဆိုရင်တော့... နိုင်ငံအပြောင်းအလဲဖြစ်ဖို့အတွက် .. တကယ်ကြိုးစားခဲ့ရဲ့လားလို့မေးမဲ့သူရှိရင် တကယ်ကြိုးစားခဲ့ပါတယ်လို့... ပြောလို့မကောင်းတဲ့အဖြေမျိုးလို့.. ကျမကတော့ ယုံကြည်တယ်...
တချိန်..နောင်လာနောက်သားတွေကမေးလို့.. အဲဒီလို စနစ်ဆိုးရဲ့အောက်မှာနေရတုန်းက... အစ်ကို၊အဖေ၊အမေ၊အမ တို့က ဘယ်လိုပါဝင်ခဲ့ကြလဲမေးခဲ့ရင်... အားပါးတရနဲ့ အမေတို့ကတော့ မဲသွားမထည့်ဖူးလို့ဖြေရင်တော့.. မရဘူးလားဆိုရင်တော့.. ရပါတယ်.. ဒါပေမဲ့.. အခက်အခဲတွေကြားထဲက အမေ၊အဖေတို့ကတော့ဖြင့် ဘယ်လို ဆန္ဒမဲတွေ ပေးခဲ့ကြတာဆိုရင်တော့... ပိုပြီးဆန်းသစ်တဲ့ နောင်လာနောက်သားတွေ..အားကျအတုယူဖွယ် ပုံပြင်လေးတခုဖြစ်လိမ့်မယ်ဆိုတာ ကျမ အသေအချာကို ယုံကြည်ပါတယ်...
တကယ်တမ်းက.. ဘာမှမလုပ်ရင်ဘာမှမဖြစ်လာဘူး.. နည်းနည်းလုပ်ရင် လုပ်သလောက် အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို ယုံကြည်ကြရင်... အလှမ်းမဝေးတဲ့ မဲရုံဆီသွား.. ကိုယ့်မဲတပြားနဲ့ စစ်အစိုးရဆီမှာ..ငါတို့လွတ်လပ်ရေးတွေ ပြန်ယူကြဖို့...
".. သူငယ်ချင်းတို့ရေ.. မင်းတို့တကယ်ကြိုးစားကြရဲ့လား..." လို့ ကျမမေးလိုက်မယ်..။
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

ရင်ခုန်ခြင်းနဲ့ အေးချမ်းမှုတွေကိုပေးသူ....
မျှော်လင့်ချက်နဲ့အနာဂါတ်ကို
အလင်းပေးသူ....
ပျော်ရွှင်မှုနဲ့ဘ၀ကို
အရောင်တင်ပေးသူ...
အချိန်တွေကို
အဓိပ္မါယ်ဖြည့်ပေးသူ...
ပူပန်မှုတွေနဲ့ဒုက္ခတွေကို
မျှဝေခံစားပေးသူ...
နူးညံ့သောအချစ်နဲ့
ကြင်နာခြင်းကိုပေးသူ...
ငါ့ရဲ့ချစ်သူ.....။
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

အချစ်မရှိရင်
အသက်မရှင်နိုင်လောက်အောင်
ငါမဖြစ်ခဲ့ပေမဲ့..
မင်းမရှိတဲ့ဘ၀..
တကယ်အထီးကျန်လွန်းတာ..
ငါဝန်ခံပါတယ်...။
အဲဒီအချိန်...
ကောင်းကင်ပြင်ကိုငေး...
ငှက်ကလေးတကောင်သာဖြစ်ခဲ့ရင်...
အချစ်တွေဖန်တီးပေးတဲ့...
ဒီကမ္ဘာကြီးနဲ့...
ဝေးရာကို ပျံထွက်သွားလိုက်ချင်တယ်...။
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

ဟေ့... ငါ့ရဲ့ ကဗျာလေးကို ဖတ်ကြည့်ပါဦး...
စာတအားကြီး ရေးတတ်တာတော့မဟုတ်ပေမဲ့...
စိတ်ကူးပေါက်ပေါက်နဲ့ လိုက်ရေးထားတဲ့စာကို ကဗျာလေးများဖြစ်မလားလို့...
ညီမဖြစ်သူကို ၀မ်းသာအားရနဲ့ ပေးဖတ်လိုက်ကာမှ....
ဟင်း... ဘာကြီးလဲဒါက...
စိတ်ထဲမှာ အွန့်ခနဲနေအောင် အောင့်သွားတာဘဲ...
ကဗျာပါလို့ပြောပြီး ပေးဖတ်တာတောင်.. ဘာကြီးလဲဆိုတော့...
တော်တော်စုတ်ပြတ်သတ်နေပုံပေါက်တယ်...
ထားလိုက်တော့...
အဲဒီလို အောင့်နေရာကနေ.. မျက်ရည်ပါထွက်ချင်အောင် လုပ်လိုက်တာက အငယ်ဆုံးညီမ...
ပေးဖတ်တဲ့စာကို အသံနေအသံထားနဲ့ ဆိုနေလိုက်တာများ ရှေးခေတ်က အလင်္ကာဖတ်ပြနေတဲ့အတိုင်းဘဲ... ကုန်းကုန်းဖတ်ပြီးတော့ ရယ်နေကြတဲ့ ညီမနှစ်ယောက်လုံးကို စိတ်ကူးထဲမှာ ရယ်ချင်ဦးဆိုပြီး ခေါင်းချင်းတိုက်ပြီးတော့ ထုလိုက်ချင်တယ်....
စဉ်းစားကြည့်လေ.. ကိုယ်က ခံစားချက်အပြည့်နဲ့ ရေးထားတဲ့စာကို သူတို့က၀ိုင်းဟားနေတယ်ဆိုတော့...
အေးပေါ့လေ.. မရေးတတ်ဘူးဆိုတော့လည်း ဟားထားကြဦးပေါ့... နောက်ဆိုရင် သူတို့ကိုလုံးဝမပေးဖတ်တော့ဘူး...
ဒါကတပိုင်း...
ညီမလေးက အ၀တ်ဝတ်ရင် ဗရုတ်သုတ်ခလေးတွေနဲ့ အရမ်းလှတယ်... အဲဒီတော့ ကျမလည်း အဲဒါတွေဝတ်ရင် လှမှာဘဲဆိုပြီး အပီအပြင်ဘဲ ၀တ်လိုက်တယ်... ပြီးတော့ အိမ်မှာရှိတဲ့လူတွေကို...
ဟေ့.. ဒီမှာကြည့် ငါလှလား...
တကယ်ဖြေရမှာလား..
အင်း.. လို့ ခေါင်းညိတ်အပြီးမှာတော့ သူတို့တယောက်တပေါက် ပြန်ဖြေသံတွေကြားမှာ... ကျမ ကိုယ့်ကိုယ်ကိုယ်သာ ဖင်နဲ့ခေါင်းနဲ့ ဆောင့်ပြီးသေလိုက်ချင်တယ်....
ဟင်... နင်နဲ့မလိုက်ပါဘူး.. ၀တုတ်မကြီးလိုဘဲ...လို့ပြောသူကပြော
ဟားဟားဟား... ကြည့်ပါဦး သူ့ကို.. ၀က်ဝံကြီးနဲ့တူလိုက်တာ.. လို့ အမည်နာမ တပ်တဲ့လူကတပ်...
အေးလေ.. ဟုတ်တာဘဲ.. အဲဒါကြီးမ၀တ်ပါနဲ့... နေ့စေ့လစေ့ကိုယ်ဝန်သည်ကြီးနဲ့တူတယ်... လို့ ပျစ်ပျစ်နှစ်နှစ် အကြံပေးတဲ့လူကပေးနဲ့...
ဒါပေမဲ့.. ကျမကလည်း အရိုးကျေကျေ.. အရေခန်းခန်း လုံးဝကို မလျော့ဘဲ...
ဟာ.. ဟ.. ငါသိပါတယ်.. ငါနဲ့မလိုက်ဘူးဆိုတာ..ဒါပေမဲ့ ငါကြိုက်တယ်.. ၀တ်မှာဘဲ..
စိတ်ထဲမှာတော့ ချက်ခြင်း ၀တ်ထားတဲ့ အ၀တ်တွေကို ပြေးချွတ်လိုက်ချင်တယ်... ဟန်မပျက်သာပြောခဲ့ရပေမဲ့.. နောက်ပိုင်းမှာ အဲဒီအ၀တ်အစားကို ထပ်မ၀တ်ဖြစ်တာ ကိုယ့်ကိုယ်ကိုယ် အသိဆုံးဘဲ...
သူများရဲ့ ဝေဖန်အကြံပေးမှုကို လိုချင်တဲ့ကျမ.. တကယ်တမ်းပေးလာတော့လည်း မကျေမနပ်နဲ့ ပေးတဲ့လူကိုဘဲ ကြိတ်ပြီး စိတ်ဆိုးကျန်ခဲ့တာ အကြိမ်ပေါင်းမနည်းတော့ဘူး...
လူတိုင်းက အဝေဖန်ခံနိုင်တယ်လို့ ပြောချင်ပြောကြမယ်.. တကယ်တမ်း ဝေဖန်ခံနိုင်တယ် မခံနိုင်ဘူးဆိုတာ တချို့က အပြင်ကလူတောင် အကဲခတ်လို့ရတယ်.. တချို့လူတွေကျတော့လည်း အပြင်လူအကဲခတ်လို့မရဘူး...
ကြည့်လိုက်ရင်တော့.. ဒီလူအတော်ကို ဝေဖန်ခံနိုင်တယ်ဆိုပေမဲ့... ကိုယ့်စိတ်ထဲမှာတော့ ကိုယ်စီသိနေကြမှာပါ.. အဲဒါက ငါဟာ အဝေဖန်ခံနိုင်လား.. မခံနိုင်ဘူးလားဆိုတာဘဲ...
အဲဒါတောင်လှည့်ပြောလိုက်သေးတာက... နင်တို့ကပေးဝေဖန်တယ်ဆိုတာနဲ့ ပျစ်ပျစ်နှစ်နှစ်ကိုဘဲပြောတယ်...အကောင်းလေးလည်း..နည်းနည်းပြောပါဦး...
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

ဝမ်းနည်းမှုကလျှံ
မျက်ရည်တွေက ဝေခဲ့ပြန်တယ်...
မင်းရဲ့ အဆုံးသတ်စာလွှာ
ငါ့အသည်းကို ခြေမွှနေပေမဲ့...
ဆက်ဖတ်နေမိတုန်းဘဲ...
နှလုံးသားကသွေး..
မျက်ရည်အဖြစ် ပါးပြင်ပေါ်စီးလာ...
နင်ငါ့ကို လုံးဝကို မချစ်ခဲ့ဘူးတဲ့လား....
ငါငိုနေပေမဲ့...
ပတ်ဝန်းကျင်က ခြောက်ကပ်တိတ်ဆိတ်စွာ...။
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

အရမ်းချစ်တယ်ဆိုတဲ့စကား….
ယုံကြည်ခဲ့မိလို့ …
နှလုံးသားဆတ်ဆတ်ခါ
နာကျင်တဲ့ ဝေဒနာ…
ငါနောက်ထပ်မခံစားနိုင်တော့ဘူး…
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

ရူးသွပ်မှုတခုနဲ့  အသက်ရှင်နေတယ်လို့  ပြောနေသံတွေကို လေညှင်း ဂရုမစိုက်ပါဘူး။ ချစ်သူကို တမ်းတမျှော်လင့်နေတယ်ဆိုတာ ချစ်တတ်တဲ့သူတိုင်း ခံစားဖူးတဲ့ အရာဆိုတာကို သိနေတာဘဲ။ ပြောတဲ့လူတွေထဲကလည်း လေညှင်းလို ခံစားရတဲ့လူ မရှိဘူးလို့  ပြောနိုင်တာမှမဟုတ်တာ….
ညီညီရယ်…. ညီညီဆိုရင်ရော လေညှင်းကို အဲလိုဘဲပြောမှာလား…. လေညှင်းသိပါတယ်.. ညီညီကတော့ နင်နဲ့  ငါနဲ့  အရင်လိုဘဲ ပြန်နေကြရအောင်ဆိုတဲ့ စကားတွေကလွဲရင် လေညှင်းခံစားနေရတာတွေ အားလုံးကို လျှစ်လျှူရှုထားနိုင်တဲ့သူဘဲ…
ထားခဲ့တဲ့သူက မေ့နိုင်ပေမဲ့ မမေ့နိုင်တဲ့ လေညှင်းရဲ့ အပြစ်တွေပါဘဲ….
အားလုံးကို မေ့ပြစ်နိုင်ပြီလို့  လေညှင်းဘယ်လောက်ဘဲ ကြွေးကြော် ကြွေးကြော် အချိန်တွေကြာလာပေမဲ့ သူက လေညှင်းရဲ့ နှလုံးသားထဲမှာ ရှိနေဆဲဆိုတာ သိနေတဲ့အတွက် ငါးပါးသီလထဲက အနည်းဆုံး သီလတပါးကိုတော့ လေညှင်း အမြဲချိုးဖောက်ဖြစ်နေတယ်ဆိုတာ… ကိုယ့်ဘာကိုယ်ဘဲသိနေတယ်…..
အတူကျော်ဖြတ်ခဲ့ဖူးတဲ့ ပျော်စရာအချိန်တွေကို ပြန်တွေးရင်း ရူးနေခဲ့တာ အချိန်တွေတော်တော်လေးတောင် ကြာနေခဲ့ပြီ….
.. လေညှင်း… နင်အခုချိန်ထိ ညီညီ့ကို မျှော်လင့်နေတုန်းဘဲလား…
သူငယ်ချင်းတွေရဲ့ အမေးအတွက် လေညှင်းရဲ့ အဖြေက …. ငါသူ့ ကိုချစ်နေတုန်းဘဲ… ဒါပေမဲ့ အဲ့ဒီအချစ်က သူပြန်အလာကို မျှော်လင့်နေတဲ့ အချစ်မဟုတ်ဘူး… ငါသူ့ ကိုမမျှော်လင့်နေခဲ့ဘူး....
ဒီအချိန်မှာ လေညှင်းက အရင်လို ဆယ်ကျော်သက်မဟုတ်တော့ဘူးလေ…
…. လေ.. လေညှင်းမဟုတ်လား…
အသံကြားလို့  လှည့်ကြည့်လိုက်တော့ နည်းနည်းလေး အံ့သြတာကလွဲရင် လေညှင်း မတုန်လှုပ်၊ စိတ်မလှုပ်ရှားတော့ပါဘူး….
..အော်.. ညီညီပါလား… နေကောင်းတယ်နော်… နင်ဒီမှာဘာလာလုပ်တာလဲ…
.. အလုပ်နဲ့ ဆိုပါတော့… နင်ရော အခုဘာတွေလုပ်နေလဲ…
…. ငါလား လူမှုရေးလုပ်ငန်းတွေလုပ်နေတာ… နင်နဲ့ တောင် မတွေ့ တာကြာပြီနော်… အလုပ်အဆင်ပြေရဲ့လား…
… ဒီလိုပါဘဲဟာ… နင်ကတော့ အရင်အတိုင်းဘဲနော်.. ဘာမှမပြောင်းလဲဘူး..
.. နင်လည်း ဒီအတိုင်းပါဘဲ ညီညီရယ်…
ဒီလိုနဲ့  သူနဲ့  ပြန်တွေ့ ဖြစ်ခဲ့တယ်ဆိုပါတော့….. ။
သူ့ ဘက်က လေညှင်းကို စိတ်ဝင်စားမှုတွေ ပြန်ပြီးတော့ ပြလာတယ်… တကယ်ပါ လေညှင်းသူ့  ကို မမျှော်လင့်ခဲ့ပေမဲ့ တကယ်တမ်း သူ့ ဆီက ပြန်ပြီးတော့ ကမ်းလှမ်းလာတော့ သူ့ အတွက် အဖြေ လေညှင်းဆီမှာ အဆင်သင့်မရှိနေဘူး….
… လေညှင်းရယ်… တချိန်တုန်းက နင့်ကိုငါ နာကျင်စေခဲ့တာကို တောင်းပန်ပါတယ်.. တကယ်ဆိုရင် နင်ဟာ ငါ့အတွက် အလိုအပ်ဆုံးဆိုတာ အခုချိန်မှာ ငါပိုသိလာတယ်… ငါ့ကို ပြန်လက်ခံပေးပါ… နင့်ကိုငါ နောက်ထပ် မနာကျင်စေရပါဘူး… ငါကတိပေးပါတယ်…
သူပေးခဲ့တဲ့ ကတိတွေက ကျေနပ်စရာပါ… ချစ်သူဆီက အခုလို မေတ္တာရောင်ပြန်ဟပ်လာတော့ ပျော်ရွှင်ရမှာပေါ့….
လေညှင်းဆုံးဖြတ်ချက်တခုကို ချလိုက်တယ်….
… ညီညီ.. နင့်ရဲ့ စကားလုံးတွေက ငါ့အတွက် ကျေနပ်စရာပါ… နင်ပြောတဲ့ စကားတွေကိုလည်း ငါယုံကြည်ပါတယ်… ဘာဖြစ်လို့ လဲဆိုတော့ နင့်မျက်ဝန်းမှာ လေးနက်မှုတွေ ငါမြင်နေရလို့ ဘဲ…
… နင်ဘယ်တော့မှ ငါ့ဆီပြန်လာမယ်လို့ မမျှော်လင့်ခဲ့တဲ့အတွက် နင်ပြန်လာတဲ့အချိန်မှာ ငါအံ့သြမိတယ်… ငါလေ နင့်ကို တချိန်က သိပ်ချစ်ခဲ့တယ်… နင်နဲ့ လမ်းခွဲပြီးတဲ့အချိန်မှာလည်း ငါ အရမ်းခံစားခဲ့ရတာကို နင်သိရင်လည်းသိမှာပေါ့… အခု နင်ငါ့ဆီကို လေးနက်မှုတွေနဲ့  ပြန်လာတဲ့အတွက် ငါတကယ်ဝမ်းသာမိတယ်….
..... ဒါပေမဲ့ ငါနင့်ကို လက်မခံနိုင်တော့ဘူး… ဘာဖြစ်လို့ လည်းဆိုတော့ ငါ့နှလုံးသားက သေသွားခဲ့တာ နင်နဲ့ လမ်းခွဲပြီးတဲ့ အချိန်တည်းကဘဲ… နောက်ပြီး နင့်ကိုချစ်တဲ့ အချစ်လည်းဘဲ… ငါ့နှလုံးသားနဲ့ အတူ သေသွားခဲ့ပြီလေ…
ညီညီ… အဲဒီတုန်းက နင့်ကို ချစ်ခဲ့တဲ့အချစ်က တကြိမ်တခါတည်းဘဲ ဖြစ်ပေါ်တတ်တဲ့အချစ်မျိုးပါ… အခုချိန်မှာ အဲလိုအချစ်မျိုးကို ငါ့နှလုံးသားက နင့်အတွက် မပေးနိုင်တော့ဘူး….
…. အဲဒါကြောင့် နင့်အတွက် အချစ် ငါ့မှာမရှိတော့ဘူး.. နောက်တခုက ငါ့နှလုံးသားကို အဆိပ်သင့်စေခဲ့တဲ့ အရာတခုကို ငါဘယ်တော့မှ ထပ်ပြီးတော့ လက်ခံမှာ မဟုတ်ဘူး…
.. ဒီမှာ ညီညီ… ယုံကြည်မှုဆိုတာလည်း တခါတည်းဘဲရတယ်.. နင်ငါ့ကို သေချာသင်ပေးလိုက်တဲ့ သင်ခန်းစာတခုက လူဆိုတာ ကိုယ့်ကိုယ်ကိုယ်ထက် ပိုပြီးတော့ ဘယ်သူ့ ကိုမှ ပိုမချစ်ဘူး….
နောက်ပြီး.. နင့်ကိုချစ်မိလို့  နွမ်းနယ်နေတဲ့ ငါ့နှလုံးသားကို ငါအရမ်းသနားမိတယ်… နောက်တခါ သူ့ ကိုထပ်ပြီးတော့ ခံစားရအောင် ငါမလုပ်တော့ဘူး… ဒါတွေအားလုံးက.. နင်ငါ့ကို သင်ပေးခဲ့တာချည်းပါဘဲ.. ဒီလိုပြောရတဲ့အတွက် ငါစိတ်မကောင်းပါဘူး… နင်နဲ့ ငါနဲ့  အမြဲတမ်း သူငယ်ချင်းတွေပါဘဲ…
ဒီတခါလည်း.. သူနဲ့  လေညှင်း လမ်းခွဲခဲ့ရပြန်ပါပြီ… ဒါပေမဲ့ အရင်တုန်းကလို လေညှင်း မငိုတော့ပါဘူး.. မခံစားရတော့ပါဘူး… လေညှင်း သူ့ ကိုချစ်ပါတယ်.. ဒါပေမဲ့ အချစ်မှာ ရယူပိုင်ဆိုင်လိုမှုမရှိတဲ့ အချစ်မျိုးလည်း ရှိတယ်ဆိုတာ လက်ခံတယ်ဆိုရင် လေညှင်းကို နားလည်နိုင်ကြမှာပါ…..
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

ရင်ထဲက ၀မ်းနည်းမှုတွေအတွက် မျက်ရည်တွေက မျက်ဝန်းထဲမှာ နေရာယူပြီး ပါးပြင်ပေါ်လိမ့်ကျဖို့အတွက် အဆင်သင့်ဖြစ်နေတယ်…..
အော်.. ရက်စက်လိုက်တာအချစ်ရယ်… ဘာမှန်းမသိရဘဲ စွန့်ခွာခံရသူအဖို့တော့..
အလွမ်းမပြေနိုင်….
တောက်… စူးခနဲ့ဖြစ်သွားတာကြောင့် ကျလုလုမျက်ရည်ကို ပြန်သွင်း… ကြည့်လိုက်တော့..
မင်းတော်တော်အနှောင့်အယှက်ပေးပါလား.. ငါ သတ်လိုက်ရသေတော့မယ်။
ပြောသာပြောတာ လက်ကတော့ ကိုက်နေတဲ့ခြင်ကို ဖောင်းခနဲ မြည်အောင် ရိုက်သတ်ပြီးသားဖြစ်နေတယ်။
အားရပါးရ ကုတ်အပြီးမှဘဲ… ဟင်း..အခုမှဘဲ နေသာထိုင်သာရှိသွားတော့တယ်။
… စောစောက ငါခံစားနေတာဘယ်ရောက်သွားပါလိမ့်…
မထွက်တော့တဲ့ မျက်ရည်ကို အတင်းပြန်ညှစ်ထုတ်… ဘာလဲ.. အော်.. ကိုယ်ဘာအမှားများလုပ်မိလို့လဲ… နည်းနည်းလေးတော့ အကြောင်းပြချက်လေးမင်းပေးခဲ့သင့်တယ်။
ဟော… မျက်ရည်နည်းနည်းထွက်ချင်လာပြီ… တဖြည်းဖြည်းနဲ့ခိုလာတဲ့မျက်ရည်…
….ဒေါက်ခနဲ့အကျ..
အား……..
ဟ.. ဘာသံပါလိမ့်…
နင်ကငါ့ကိုရိုက်တယ်.. ဟုတ်လား… ငါ့မိဘတောင် ငါ့ကို မရိုက်ဘူး…. ၀ုန်း.. ဒုန်း..
အာ…. အိမ်နီးချင်းနိုင်ငံက လင်မယား ကျီစယ်နေကြတာ… ဒါပေမဲ့ ဒီကျီစယ်ပုံကြီးကတော့ မမိုက်ပါဘူး….
ရှိစေတော့… သူများပြသနာကိုအသာထား.. ကိုယ့်ဖီလင်ကိုယ်ပြန်သွင်းဦးမှ…
ရင်ထဲမှာ.. နာတယ်.. စိတ်မကောင်းဘူး..
ဘာ…. နင်ကများငါ့ကို့ ပြန်အော်တယ်… ငါတီးလိုက်လို့.. ထပ်နာဦးမယ်..
အောင်မာ.. ရှင်ကများ.. စောစောက အငိုက်မိသွားလို့ခံလိုက်ရတာ.. အခုလာရိုက်လို့ကတော့ နဖာချီးပါ ဖင်ထိုင်လျက်လဲသွားမယ်.. လာခဲ့…
အောင်မယ်.. ငါထပ်လုပ်ရ နှပ်ချီးပါ အော်ပဒါလိုက်သွားမယ်.. ဒုန်း.. ခွမ်း..
အောင်မလေး… အရပ်ကတို့ရေ.. ကြားလို့မှကောင်းကြသေးရဲ့လား.. သူက ကျုပ်ကို ထပ်ရိုက်ချင်သေးသတဲ့….
အာလာလာ… ဒီလူတွေတော့ ခနလေးတောင် အနားမပေးပါလား…ဖြစ်နိုင်ရင်သွားထိုင် ကတော့ဆိုရင်လည်း ထိုင်ကတော့ပါမယ်…. ၃ မိနစ်လေးလောက်တော့ ကောင်းကောင်းခံစားခွင့်ပေးရင် တော်တော် ကျေးဇူးတင်မှာဘဲ….
…. ဘုန်း… ၀ုန်း.. ခွမ်း..
…အီး.. ဟီး.. ဟီး…
ဟ…. ဘာလို့ဒီလောက်သောင်းကျန်းနေတာလဲ… ဒီမှာ ကိုယ်ပိုင်အချိန်လေးတောင် နားအေးပါးအေးမနေရဘူး… ရည်းစားနဲ့ကွဲလို့ ရည်းစားမျက်နှာ မြင်ယောင်ပြီး အပီအပြင်ခံစားမလို့ဟာ….ခြင်ကကိုက်လိုက်၊ ဆူညံလိုက်နဲ့… တစက်မှကို တိတ်တိတ်ဆိတ်ဆိတ်၊ အေးအေးဆေးဆေး မရှိဘူး… နည်းနည်းပါးပါးကိုယ်ချင်းစာပါဦး.. ဒီမှာ ငိုချင်လို့.. ဘယ်နားကမျက်ရည်ကျရမှန်းမသိအောင် မလုပ်ပါနဲ့… ခြင်လည်းခြင်လောက်.. လူလည်းလူလောက်.. တော်တော်အနှောင့်အယှက်ပေးတယ်…
….မှတ်ထား…
မတတ်နိုင်ဘူး… တိတ်တိတ်ဆိတ်ဆိတ်မှ ခံစားလို့မရတာ… ပေးတဲ့အခြေအနေနဲ့ဘဲ ခံစားပြီး အားလုံးကို ပိတ်ပြောပြစ်လိုက်တယ်… ပြီးတော့ မျက်နှာငယ်လေးနဲ့ ကျန်နေမဲ့ လင်မယားနှစ်ယောက်နဲ့ ခြင်ကို တွေ့ ပြီး ကျေနပ်သွားတယ်…
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

အနားမှာ လာကပ်ပြီး တတွတ်တွတ်ပြောနေတဲ့ သူကြောင့် လုံးဝမပတ်သက်တော့ဘူးလို့တင်းထားတဲ့ ဆည်းဆာရဲ့ စိတ်တွေ တဖြည်းဖြည်း အားနည်းလာတယ်…
နောက်ဆုံးတော့ သူ့ ရဲ့အနမ်းတွေနဲ့ ချစ်ခွန်းသီမှုတွေအောက် .. နာကျင်ရှုပ်ထွေးလှတဲ့ ဇာတ်လမ်းတပုဒ်မှာ ဆည်းဆာ ကမှန်းမသိ.. ကနေလျက်သားဖြစ်လာတယ်…
ချစ်သူဖြစ်ပြီးနောက်တနေ့မှာ လန်းလန်းဆန်းဆန်းဘဲ ဆည်းဆာ အိပ်ယာကနေ နိုးလာတယ်…
ချစ်သူဖြစ်ပြီဆိုမှတော့ မျက်လုံးပွင့်ပွင့်ချင်း မြင်ချင်နေတာက ကိုယ့်ချစ်သူမျက်နှာလေးဘဲလေ… ဆည်းဆာ ရေမိုးချိုး၊ သန့်ရှင်းပြီးတာနဲ့ ချစ်သူအလာကို ဘယ်သူမှ မရိပ်မိအောင် တိတ်တိတ်ကလေး မျှော်နေမိတယ်…
အဲဒီအချိန်မှာ သူငယ်ချင်းတယောက်ရဲ့ ဖုန်းပြောသံကို အမှတ်မထင်ကြားလိုက်ရတယ်…
… ကြည့်စမ်း မိန်းမ… နင့်မှာရည်းစားရှိတာကို လျှိုထားတယ်… ရည်းစားဖြစ်တာကြာပြီလား…. နာမည်ဘယ်လိုခေါ်လဲ.. အော်.. ကိုဖြိုးလား.. ဟ.. သူကငါ့သူငယ်ချင်းဘဲလေ…
ဆည်းဆာ မျက်လုံးတွေ ပြာသွားတယ်.. တော်သေးတာပေါ့.. သူငယ်ချင်းတွေက သူတို့အလုပ်နဲ့ သူတို့ရှုပ်နေကြလို့….
ဖုန်းပြောပြီးတော့ သူငယ်ချင်းက ဆည်းဆာကို… ဟဲ့.. ဆည်းဆာ.. ကိုဖြိုးကြီးက ရည်းစားရတာတောင် ငါတို့ကို မပြောပြဘူး.. နင်သိလား.. သူ့ ကောင်မလေးက ငါနဲ့သိတယ်.. အရမ်းချစ်စရာကောင်းတာဘဲ…
ဆည်းဆာ ရင်ထဲမှာ ကျင်လာတယ်… ဖြစ်နိုင်ရင် သူငယ်ချင်းအရှေ့ကနေပြီးတော့ ထွက်ပြေးသွားလိုက်ချင်တယ်…..
…. ဆည်းဆာကို ဘာလို့လှည့်စားချင်ရတာလဲကိုဖြိုးရယ်…. ဘာအငြှိုးတွေနဲ့ နာကျင်စေချင်တာလဲ…
ကိုဖြိုးနဲ့ချစ်သူတွေဖြစ်ကြတာ.. သူငယ်ချင်းကိုလည်း မပြောရဲတဲ့ ဆည်းဆာကတော့ ဟန်မပျက်.. ဟုတ်လား.. လို့ဘဲ ပြန်မေးရတော့တာပေါ့… သူတို့တွေသာသိရင် ဆည်းဆာကို အရမ်းစိတ်ဆိုးကြမှာ ဆည်းဆာသိတယ်… ဘာဖြစ်လို့လည်းဆိုတော့ ကိုဖြိုးလို အရမ်းချစ်သူများတဲ့လူနဲ့ ဆည်းဆာကို သူတို့က အရင်ကတည်းကနဲ့ သဘောတူကြတာမဟုတ်ဘူး… အပေါင်းအသင်းအဖြစ်နဲ့သာ ပေါင်းနေပေမဲ့.. ကိုဖြိုး ဆည်းဆာကို စပြီးတော့ စိတ်ဝင်စားကတည်းကနဲ့ သူတို့က အရင်ကန့်ကွက်ကြတာ….
အဲဒီအချိန်မှာဘဲ ကိုဖြိုးရောက်လာလို့ အားလုံးဘဲ မသိချင်ယောင်ဆောင်ပြီး ထွေရာလေးပါး နောက်ကြတယ်.. အဲဒီအထဲမှာ ကိုဖြိုးရဲ့ ကောင်မလေးအကြောင်းတော့ လုံးဝမပါဘူး… ဆည်းဆာကသာ ဘာမှဝင်မပြောဘဲနဲ့ တည်တည်လေးဘဲ နေနေလိုက်တယ်….
သူငယ်ချင်းတွေ အပြင်ထွက်တဲ့လူထွက်.. အခန်းထဲမှာ အလုပ်ရှုပ်တဲ့လူ ရှုပ်နေချိန်မှာ သူက ဆည်းဆာနားကို လာပြီးတော့ အနမ်းတချက်နဲ့…
…ဆည်းဆာ.. ဘာဖြစ်နေတာလဲ.. ကိုယ့်ကိုဘာစိတ်ကောက်နေတာလဲ ချစ်သူလေးရဲ့…
..သွားပါ.. ကိုဖြိုးရဲ့ ချစ်သူ မြတ်မွန်ဆီကို သွားပါ.. ဆည်းဆာနားကို မလာပါနဲ့..
အော်.. ဆည်းဆာက သူနဲ့ပတ်သက်ပြီးတော့ ကိုယ့်ကို စိတ်ကောက်နေတာလား… ချစ်သူလေးကလည်းကွာ… ကိုယ်က အနားမှာရှိတဲ့.. ဟောဒီကအရမ်းချစ်စရာကောင်းတဲ့ ဆည်းဆာလေး တယောက်တည်းကိုဘဲ စိတ်ထဲမှာ ရှိတာပါ.. သူက အဝေးကြီးမှာ.. နောက်တော့ သူ့ ဟာသူပြီးသွားလိမ့်မယ်…
ဆည်းဆာ.. သူ့ ကိုအကြောင်သားကြည့်နေမိတယ်.. ရည်းစားတယောက်ကို အဲဒီလောက် လွယ်လွယ်ထားတတ်တဲ့ သူ့ ကိုလည်း အံ့သြနေမိတယ်….
… ကိုဖြိုး ဘယ်လိုပြောလိုက်တာလဲ.. တဖက်မိန်းကလေးရဲ့ အချစ်ကို နည်းနည်းပါးပါး တန်ဖိုးထားပါဦး…
ဟာ.. ဆည်းဆာကလည်း သူက ကိုယ်နဲ့ အဝေးကြီးမှာ.. သူဘာလုပ်နေလဲကိုယ်မသိရ.. မြင်လဲမမြင်ရ.. ဒါတွေထားလိုက်ပါကွာ.. အခု ဆည်းဆာနဲ့ကိုယ် အနားမှာ အတူရှိနေတုန်း.. စိတ်ချမ်းချမ်းသာသာနဲ့ နေရအောင်ကွာ…
ဘယ်လိုမှမဖြစ်နိုင်ပါဘူး…. ဆည်းဆာရင်ထဲမှာ ပြောမပြတတ်အောင် ၀မ်းနည်းလာတယ်…
ဆည်းဆာ တန်ဖိုးထား ချစ်တဲ့သူက အချစ်ကို လုံးဝမှ တန်ဖိုးမထားတတ်တဲ့သူ ဖြစ်နေပါပေါ့လား…
ဆည်းဆာစိတ်ထဲမှာ သှူ့ ကို လေးလေးနက်နက် ထားလို့ မဖြစ်တော့ဘူး… တချိန်မှာ သူ.. ဆည်းဆာကို ထားခဲ့ရင်ဖြစ်ဖြစ်.. ဆည်းဆာက သူ့ ကို လက်မခံနိုင်တော့လို့ ထားခဲ့ရင်ဖြစ် ဖြစ် သူနဲ့ ပတ်သက်တဲ့ ခံစားမှုတွေ ဆည်းဆာသယ်သွားလို့ မဖြစ်ဘူး..
တကယ်ဆို.. ဆည်းဆာက အချစ်ကို ကိုးကွယ်သူပါ… အားနည်းချက်ဆိုတာသိနေပေမဲ့… အလိုလိုနေရင်း အားငယ်တတ်၊ အားနာတတ်တော့ ဆည်းဆာ ဘယ်လိုမှ လုပ်လို့မရဘူး…
ဘာဘဲဖြစ်ဖြစ် ဒီဇာတ်လမ်း အဆုံးသတ်က ဘယ်လိုမှ မလှပနိုင်ဘူးဆိုတာ ဆည်းဆာ တထိုင်တည်းမှာဘဲ သိလိုက်တယ်…
သူပေးတဲ့အနမ်းတွေနဲ့ စကားလုံးလှလှလေးတွေလည်း ဆည်းဆာအတွက် မချိုတော့ဘူး.. အပွေ့ အဖက်တွေလည်း ရင်ခုန်စရာမကောင်းတော့ဘူး… ဘာမှထုတ်မမေးပေမဲ့.. သူ့ ကို သတိအနေအထားနဲ့ဘဲ ဆက်ဆံနေခဲ့တယ်… ဆည်းဆာ.. ဝေဒနာတပွေ့ တပိုက်ကြီး မပိုင်ဆိုင်ချင်ဘူး..
သူကတော့ ဆည်းဆာကို တွေ့ ရင်ကြင်နာတယ်.. မတွေ့ ရင်လည်း စာထဲမှာ အရမ်းလွမ်းတယ်၊ သတိရတယ်ဆိုတာတွေကို ပြောလေ့ရှိတယ်....
… တချိန်ကဆည်းဆာတိတ်တဆိတ်ချခဲ့တဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့.. အဲဒါက.. တဖက်လူက ဘာမှမသိလို့ သူ့ အချစ်ကို ယုံကြည်နေတာ.. သူ့ ကိုဆက်ပြီးတော့ လက်ခံနေတာ အပြစ်မရှိဘူး… ဆည်းဆာက အားလုံးကို သိနေရဲ့သားနဲ့ သူ့ ကိုဆက်ပြီး တော့ လက်ခံနေတယ်ဆိုရင် ဆည်းဆာလောက် မိုက်တဲ့လူရှိတော့မှာ မဟုတ်ဘူး… အဲဒီတော့… ဆည်းဆာ သူနဲ့ဇာတ်လမ်းကို ရပ်မှဖြစ်တော့မယ်….
အခုတော့… ဆည်းဆာ သူနဲ့ အဝေးဆုံးမှာရှိနေတယ်… အချစ်ကိုတန်ဖိုးမထားသူတွေရဲ့ ထုံးစံအတိုင်း သူကတော့ အသစ်အသစ်လေးတွေနဲ့ပေါ့… ဆည်းဆာကလည်း သူနဲ့ပတ်သက်တာတွေအားလုံးကို မေ့ပြီး ဘ၀အတွက် အချိန်ကို တန်ဖိုးရှိရှိအသုံးချပြီး.. ပူပြင်းတောက်လောင်တဲ့ သူ့ အချစ်နဲ့ဝေးတဲ့ အေးချမ်းတဲ့ ကျေးလက်မှာ အပြစ်ကင်းတဲ့ ကလေးငယ်တွေနဲ့ ပျော်လျှက်….
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...

အသံတွေကြားနေရတယ်.....
စီးပွားရေးပိတ်ဆို့မှုတွေလုပ်လို့.. စက်ရုံတွေ မြန်မာနိုင်ငံကနေပြီးတော့ ထွက်သွားတယ်။ အဲဒီတော့ အဲဒီအလုပ်ရုံတွေမှာ အလုပ်လုပ်တဲ့.. အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ပြီးတော့ ထမင်းငတ်ကြတယ်.. အလုပ်လက်မဲ့ဖြစ်ကြတယ်...
..အဲဒါမဟုတ်ဘူးလား.. ဟုတ်တယ်.. သူတို့ပြောတာမှန်တယ်။
အလုပ်ရုံတွေထွက်သွားတယ်... ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်ကြတယ်။
နောက်ထပ်အသံတစ်သံထွက်လာတယ်...
စီးပွားရေးပိတ်ဆို့မှုကို ထောက်ခံရတာဟာ.. တကယ်တမ်း ရင်းနှီးမြှုပ်နှံမှုတွေလာလို့ အလုံးလိုက်အရင်းလိုက် အကျိုးဖြစ်နေတာ လူထုမဟုတ်ဘူး... စစ်အစိုးရကသာ တကယ့်အနှစ်တွေနဲ့ အကျိုးအမြတ်တွေရနေတာ....
ကဲ... သူတို့ပြောတာရောမမှန်ဘူးလား.... သူတို့ပြောတာလည်း မှန်နေတာဘဲ..
အခုလို အငြင်းအခုံဖြစ်နေကြတဲ့နေရာမှာ.. ကိုယ့်ဖက်ကိုယ်ကြည့်ရင်တော့ မှန်နေကြတာပါဘဲ.. လူနှစ်ဦးရဲ့ အလယ်မှာ လက်ဝါးကိုဖြန့်ပြီး ထောင်ပြလို့ကတော့ နှစ်ဖက်စလုံးကတော့ လက်ဖမိုး (ဒါမှမဟုတ်) လက်ဖ၀ါးကို တပြိုင်တည်းမြင်နိုင်မှာမဟုတ်ဘူး....
အဲဒီတော့... နှစ်ဖက်လုံးကို ဆက်ပြီးတော့ ပေးငြင်းနေမယ်ဆိုရင် အငြင်းလွန်လို့ စိတ်ဆိုးပြီး ထသတ်လို့ နှစ်ဖက်စလုံးသာ သေသွားမယ်.... အဖြေတော့ သိသွားကြမှာမဟုတ်ဘူး...
အဲဒါက သူတို့နှစ်ဖက်ကြား မိမိရဲ့အမြင်... အဲ.. မိမိကိုယ်တိုင်ကရော အဖြေကို သိသလားဆိုတော့.... မသိပါဘူး.. ဟဲဟဲ...
ဒါပေမဲ့ မိမိရဲ့ ထင်မြင်ချက်လေးကိုတော့ နည်းနည်းလောက် အာချောင်ပါရစေ...
ဒီနေရာမှာ.. မိမိအနေနဲ့ဆိုရင်တော့ ဘက်သုံးဘက်လို့မြင်ပါတယ်။ တဖက်က ပိတ်ဆို့မှုကို ထောက်ခံသူ.. နောက်တဖက်က မထောက်ခံသူနဲ့ နောက်ဆုံးတဖက်ကတော့ ကာယကံရှင်ဖြစ်တဲ့ လာပြီးတော့ ရင်းနှီးမြှုပ်နှံသူတွေပါဘဲ...
ကျမကတော့ ဒီအကြောင်းအရာမှာ ထောက်ခံတဲ့လူအနေနဲ့ရော၊ မထောက်ခံတဲ့လူအနေနဲ့ရော.. ကိုယ်ချင်းစာပြီးတော့ ၀င်ကြည့်လိုက်တဲ့အတွက်ကြောင့် သူတို့ဘက်နဲ့သူတို့မှန်နေတာကို တွေ့ရလို့ နောက်ထပ်.. ကိုယ်ခံစားပြီး မ၀င်ကြည့်ရသေးတဲ့ ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေးသမားတွေနေရာကို ၀င်ကြည့်လိုက်ဦးမယ်...
.. ခနလေးစောင့်...
ပြီးရင်.. စီးပွားရေးသမားတယောက်ရဲ့ ခံစားမှုလေးတွေ၊ စိတ်ကူးလေးတွေ လာပြန်ပြောပြမယ်..
...ရှူး.. တိတ်တိတ်လေး.. အခုတော့ ဘယ်သူ့ကိုမှမပြောပြနဲ့ဦး...
ဘောင်း.... !!
အို့... ငါတကယ်ကိုဘဲ အရမ်းချမ်းသာသွားပါလား...
ကြည့်စမ်း.. ကိုယ်ပိုင်ကားတွေ၊ တိုက်တွေ၊ ပိုက်ဆံတွေနဲ့ ငါပိုင်ဆိုင်တဲ့လုပ်ငန်းကြီးတွေ...
အခုလို ငါအခွင့်အရေးရတုန်းမှာ ငါလုပ်ငန်းတွေ တိုးချဲ့ထားဦးမှ... ဒါမှ နောင်ဆိုရင် ငါ့မိသားစု အေးအေးချမ်းချမ်းနဲ့ နေနိုင်မှာ...
လုပ်ငန်းအသစ်တိုးချဲ့ဖို့အတွက် အဓိကလိုအပ်တာက လုပ်ခနည်းနည်းဘဲ ပေးရတဲ့ အလုပ်သမားတွေရှိတဲ့နေရာ... လုပ်ကိုင်လို့နည်းနည်းဘောင်ကျယ်တဲ့နေရာနဲ့.. ဈေးကွက်ကောင်းကောင်းရဖို့စဉ်းစားရမယ်...
အော်.. အကြံရပြီ.. မြန်မာနိုင်ငံမှာဘဲ စီးပွားရေးလုပ်မယ်ဆိုရင်တော့... တော်တော်ကိုက်မယ်... (ကိုယ့်နိုင်ငံအကြောင်းဆိုတော့ ပိုသိတယ်..) လုပ်အားခလည်း အများကြီးပေးစရာမလိုဘူး (ဒေါ်လာနဲ့တွက်ရင်..) အာမခံကြေးလဲ ပေးစရာမလိုဘူး.. အဓိက..က ဆိုင်ရာပိုင်ရာတွေနဲ့ အဆင်ပြေရင်ပြီးပြီ...
အချိန်တွေကလည်း ကုန်မြန်လာတယ်... နှစ်တွေတနှစ်ပြီးတနှစ် ကုန်ဆုံးပြီးနောက်ပိုင်း သူငယ်ချင်းတွေနဲ့အတွေ့မှာ....
ဟေ့.. ချစ်သုဝေ... အခြေအနေတွေဘယ်လိုလဲ... စီးပွားရေးသမားတယောက်ရဲ့ အတွေ့အကြုံကောင်းရခဲ့ရဲ့လား..
အဲဒါနဲ့ မိမိလည်း... အတွေ့အကြုံကောင်းတော့ ရခဲ့ပါတယ်.. အခွင့်အရေးရတုန်း ငါက အကျိုးရှိအောင် အလုပ်ပိုလုပ်မိပါတယ်... ဒါပေမဲ့ တခါမှ မြတ်တယ်မရှိဘူး...
ဟ... နင်ရဲ့ထုတ်ကုန်က ရောင်းမကောင်းလို့လား...
မဟုတ်ဘူးဟ.. ထုတ်ကုန်က ဘာမှမဟုတ်ဘူး.. အာဏာပိုင်တွေကို ပေးလိုက်ရတဲ့ငွေတွေက နည်းတာမဟုတ်ဘူး... အဲဒါလည်း. .အေးအေးဆေးဆေးအလုပ်မလုပ်ရပါဘူး.. ငါ့အလုပ်က နည်းနည်း ၀င်ငွေကောင်းလာရင်.. လာပြီးတော့ ခြိမ်းခြောက်လိုက်.. အခွန်ငွေတွေဆတိုးကောက်လိုက်.. မဟုတ်က၊ ဟုတ်က.. စည်းမျဉ်းစည်းကမ်းတွေက တိုးလာလိုက်နဲ့ တော်တော် စိတ်ပျက်ဖို့ကောင်းတယ်...
နိုင်ငံရဲ့စီးပွားရေးအခြေအနေကလည်း တခါမှမငြိမ်တော့ နောက်ထပ်ရှိတာလေးတွေ မကုန်ခင် အမြန်ပြန်ထွက်ရတာဘဲ သူငယ်ချင်းတို့ရေ....
နင်က ပြင်ပကလူတွေ စီးပွားရေးပိတ်ဆို့မှုတွေ တောင်းဆိုနေလို့ ထွက်လာတာတော့ မဟုတ်ပါဘူးနော်..
ဘယ်ကလာ.... ဘယ်လောက်ဘဲ ပိတ်ဆိုမှုတောင်းတောင်း... ငါအမြတ်ရရင် ငါဆက်လုပ်မှာပေါ့... မမြတ်ရင်တော့လား... ကန်တော့ပွဲနဲ့ လာခေါ်ပြီး လုပ်ခိုင်းရင်တောင် မလုပ်နိုင်ဘူး...
ကဲ... တကယ်စီးပွားရေးလုပ်ငန်းရှင်တွေဆိုရင်.. ဘယ်လိုလုပ်မလဲဆိုတာ စဉ်းသာ စားကြည့်တော့...
နွားနဲ့နှိုင်းတာတော့မဟုတ်ပါဘူး... တွေးခိုင်းတာပါ.... ဟီးဟီး....
စိတ်ဝင်စားရင်...
ကုန်သွားပြီလေ...