Friday, February 27, 2009

ရတက်မအေးနိုင်သော မနက်ဖြန်များစွာ


ထိုင်း- မြန်မာနယ်စပ် မဲဆောက်မှာ အလုပ်သမားတွေ ရက်ရက်စက်စက်အဖမ်းခံနေရတယ်လို့ ကြားတော့.. အတိတ်ဟောင်းဆီကို ပြန်ရောက်သွားတယ်...
အဲဒီတုန်းက ကျမလည်း အများသူငါလို အလုပ်လုပ်ခွင့်လက်မှတ်မရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတယောက်ပေါ့...



မနက် ၈ နာရီကနေပြီးတော့ ည ၉ နာရီထိ ပုံမှန်အလုပ်အချိန်ပြီးအောင်... ကိုယ့်ကိုသတ်မှတ်ထားတဲ့ အလုပ်ပြီးအောင်... အားလုံး ကုန်းရုံးပြီး လုပ်နေကြချိန်မှာ... အလုပ်ကြီးကြပ်သူတွေဖြစ်တဲ့ တရုတ်နိုင်ငံသားတွေနဲ့ စက်ရုံမှာ တာဝန်ရှိတဲ့ ထိုင်းတွေက ဟိုတစု..ဒီတစု...။

ဒါပေမဲ့ ၉ နာရီထိုးပြန်ရမဲ့အရေးမို့ ဘာတွေ..စုစု..စုစု ဖြစ်နေတယ်ဆိုတာကို ကိုယ်ကိုယ်တိုင်ကလည်း ဂရုမစိုက်အားပါဘူး။
"ပြေးကြဟေ့..ဂိတ်ဝမှာ ပုလိပ်ရောက်နေကုန်ပြီ."
အသံလည်းကြားရော.. သာမန်အချိန်ဆိုရင်တယုတယကိုင်တွယ်ရတဲ့ စက်ရုံအထည်တွေကိုလည်း မသအားတော့ပါဘူး..။ အထည်တွေကို ပုံးထဲ ပြန်ထည့်သူကထည့်.. ကတ်ကြေး၊ အပ်တွေကို ကြုံးထည့်ပြီး.. သိမ်းသူတွေကသိမ်း... မီးပိတ်ပြီးတော့ ပြေးသူတွေကပြေး.. ပြာယာခတ်သူတွေထဲမှာ ကျမလည်းပါတာပေါ့၊

မေမေကတော့ ကျမတို့မောင်နှမတွေကို စုပြီး.. စက်ရုံထဲမှာသိတဲ့ အစ်ကိုကြီးတွေက ကျမတို့လိုကလေးတွေကို အပေါက်ဝရောက်အောင်.. ဆွဲပြေးပါတော့တယ်...

မှောင်မှောင်စမ်းစမ်းထဲမှာ အရှေ့ဘက်ဂိတ်ကိုလည်းသွားဖို့မဖြစ်နိုင်တော့လို့..အနောက်ဘက်ခိုးပေါက်တွေကို တအားကြုံးပြေးကြတယ်။ ပွဲတော်လည်းမဟုတ်ပါဘဲ ကြိတ်ကြိတ်တိုးနေတဲ့အဖြစ်အပျက်ရဲ့ ဇစ်မြစ်ကတော့ ရှိတဲ့ခိုးပေါက်က တခါကို လူတယောက်ဘဲထွက်လို့ရပါသတဲ့....

ဒါတောင် တချို့အတွေ့အကြုံရှိတဲ့လူတွေက ပုလိပ်ဖမ်းရင် လေး၊ ငါး၊ ခြောက်ရက်.. တပတ်လောက်ကြာတတ်လို့.. လိုအပ်တဲ့အရာတွေကို အိပ်ဆောင်မှာပြန်ယူနေလို့တော်သေးတယ်..။ နောက်မို့ဆိုရင် စက်ရုံမှာလုပ်တဲ့ အလုပ်သမား ၈၀၀လောက်နဲ့ ခိုးပေါက် ၄ ပေါက်နဲ့... တညလုံးအပြင်ရောက်ဖို့..လမ်းကိုမမြင်နိုင်ဘူး။

ဒီလိုနဲ့ဘဲ ပုလိပ်လက်ကလွတ်ဖို့အရေး ခိုးပေါက်ကိုယ့်အလှည့်ကျအောင် အချိန်တော်တော်ကြာစောင့်လိုက်ရတယ်ဘဲဆိုပါတော့..။

ကိုယ့်အလှည့်ကျလို့ အပြင်လည်းရောက်လာရော.. နောက်ထပ်အပူတခုက ထပ်ဆင့်လာရတယ်..။ မဲဆောက်လိုနေရာမျိုးက လမ်းသူရဲတွေက အရမ်းများတယ်.. များသလောက်လဲ သက်ရောက်မှုတွေကရှိတယ်....

ကိုယ့်ဘက်က အုပ်စုနည်းလို့.. အမျိုးသမီးတွေကို တွေ့ရင် မုဒိမ်းကျင့်..သတ်ပစ်သလို... ယောက်ျားလေးတွေကိုတွေ့ရင်လည်း ရိုက်ပုတ်ပြီးတော့ ပါသမျှကို အကုန်ယူတော့တာဘဲ... အဲဒီတော့ အုပ်စုတောင့်အောင် စောင့်ကြရတယ်ဆိုပါတော့...

အဲဒီလိုနဲ့.. ကိုယ့်အိမ်တံခါးကိုဖွင့်ပြီးတော့ အားလုံးသော့ခတ်.. အိပ်ယာထဲရောက်မှဘဲ..သက်ပြင်းချပြီး... အော်.. ငါအိမ်ပြန်ရောက်ပြီဆိုပြီး စိတ်အေးရသလို နောက်တနေ့အတွက် စဉ်းစားရင်း ပူပန်မှုတ၀က်နဲ့ အိပ်ယာဝင်ခဲ့တယ်...

0 comments: